ကောလင်းနဲ့ထီးချိုင့်ဒေသမှာ စစ်တပ်က Spy Balloons ကင်းထောက်မီးပုံးပျံတွေ အသုံးပြုလာ

By MPM 31 အောက်တိုဘာ, 2025 👁

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်နဲ့ထီးချိုင့်မြို့နယ်တွေမှာ ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မနက်ပိုင်း ၈ နာရီလောက်မှာဘဲ Spy Balloons လို့ခေါ်တဲ့ ကင်းထောက်မီးပုံးပျံတစ်လုံး တွေ့ခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“စပိုင်ဘောလုံးက ဒီမနက် ၈နာရီလောက်မှာ ဝန်းသိုနယ်ကလာပြီး ကောလင်းအရှေ့ခြမ်းမှာဝဲပြီးတော့ ထီးချိုင့်မယ်ထဲ ကျော်သွားပါတယ်” လို့ ကောလင်းဒေသတွင်းသတင်းတွေကိုဖော်ပြပေးနေတဲ့ Kawlin Info ရဲ့ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

ဒါ့အပြင် ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ယခုနှစ် အောက်တိုဘာလကစလို့ ကောလင်းမြို့နယ်ထဲမှာ Spy Balloons လို့ခေါ်တဲ့ ကင်းထောက်မီးပုံးပျံတွေ မကြခဏ တွေ့လာရတယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။

ထီးချိုင့်မြို့နယ်က စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မနက်ပိုင်းမှာ ထီးချိုင့်နယ်ထဲမှာလည်း Spy Balloons ကို မြင်တွေ့လိုက်ရကြောင်း KNG ကို အတည်ပြုပါတယ်။

Spy Ballloons လို့ခေါ်တဲ့ ကင်းထောက်မီးပုံပျံတွေဟာ မြေပြင်ကနေ အမြင့် ပေ ၆ သောင်းကျော်အထိ ပျံသန်းနိုင်ပြီး၊ ဂြိုဟ်တုလိုဘဲ မြေပြင်ပေါ်က ရုပ်ပုံတွေလှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်တယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။

ဒါ့အပြင် မြေပြင်နဲ့လည်း နီးနီးကပ်ကပ် ပျံသန်းနိုင်တာကြောင့် ပိုမိုရှင်းလင်းပြီး ရုပ်ထွက်ကောင်းမွန်တဲ့ ဓာတ်ပုံတွေ ရယူနိုင်တာကြောင့် လေကြောင်းတိုက်ခိုက်ဖို့အတွက် နေရာသတ်မှတ်တာတွေ လုပ်ဆောင်နိုင်တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။

တစ်ဖက်မှာ ကင်းထောက်မီးပုံးပျံတွေဟာ ကုန်ကျစရိတ်လည်းနည်းသလို နေရာတိကျမှုမြင့်မားတာကြောင့် နိုင်ငံတချို့မှာ လေကြောင်းကာကွယ်ရေးစနစ် စမ်းသပ်တာနဲ့ စစ်ရေးအချက်အလက်ရယူဖို့အတွက် အသုံးပြုလာကြတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်သတိရှိကြဖို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အပါအဝင်‌ဒေသ အခြေစိုက် တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

“လက်ရှိမြေပြင်မှာကတိုက်ပွဲမရှိပါဘူး။ ပြည်သူတွေကိုသတိထားစေချင်တယ် လေကြောင်းအန္တရာယ်က ဆိုးဆိုးဝါးဝါးထိခိုက်နိုင် လို့ စိတ်ပူပါတယ်” လို့ Kawlin Info ရဲ့ တာဝန်ရှိသူတစ်ဦးက KNG ကို ဆက်ပြောပါတယ်။

စစ်ရေးပစ်မှတ်တွေအပါအဝင် အရပ်သားပစ်မှတ်တွေကိုပါ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ နည်းပညာမြင့် စစ်လက်နက်တွေကို အာဏာသိမ်းပြီးနောက် ပြင်းထန်လာတဲ့ တိုက်ပွဲတွေအကြား ဆက်တိုက်အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အပိုင်းအခြားတွေမှာဆိုရင်လည်း လေကြောင်းကနေတိုက်ခိုက်ဖို့ ကုန်ကျစရိတ်သက်သာတဲ့ ပါရာမော်တာ စက်တပ်လေထီးနဲ့ ဂျိုင်ရိုကော်ပတာလို့ခေါ်တဲ့ တိုက်ခိုက်ရေးယာဥ်တွေကို အသုံးပြုလာကြပြီး တော်လှန်ရေးအင်အားစုတွေအပါအဝင် အရပ်သားတွေပါမကျန် သေဆုံးမှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်ညမှာ မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ပါရာမော်တာတစ်စီးဟာ သီတင်းကျွတ်ဆီမီးထွန်းသပိတ်ပြုလုပ်နေတဲ့ မုံရွာနှင့်ချောင်ဦးနယ်စပ် ဘုံတိုရွာမူလတန်းကျောင်းနေရာကို အတိအကျ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေအပါ အရပ်သား ၃၀ ဦးနီးပါးသေဆုံးခဲ့ရပါသေးတယ်။

ဒါ့အပြင် နိုင်ငံတကာမှာတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က တရုတ်နိုင်ငံပိုင် ကင်းထောက်မီးပုံးပျံတစ်လုံး အမေရိကန်ရဲ့ စစ်ရေး အခြေစိုက်စခန်းတွေအနီး ပျံသန်းခဲ့ပြီး အမေရိကန်လေတပ်က ပစ်ချခဲ့တဲ့ဖြစ်စဥ်တစ်ခုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

KNG