UNOCHA အကြီးအကဲ၏ ရခိုင်ခရီးစဉ်အတွင်း လူသားချင်းစာနာမှုထောက်ပံရေး ကွင်းဆင်းလေ့လာမှုပြုဟုဆို

By MPM 19 ဩဂုတ်, 2023 👁

ရခိုင်ရှိ မုန်တိုင်းသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး အခြေအနေများကို လေ့လာရန် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr.Martin Griffiths သည် သြဂုတ်လ ၁၆ ရက်နေ့က ရခိုင်ပြည် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည်။

UNOCHA အကြီးအကဲ၏ ရခိုင်ခရီးစဉ်အတွင်း မွတ်ဆလင်ဒုက္ခသည်စခန်းနှင့် ရွှေစေတီ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

UNOCHA အကြီးအကဲနှင့် ရွှေစေတီဆရာတော်တို့ တွေ့ဆုံမှုတွင် ရခိုင်ပြည်သူများ ပြန်လည်ထူထောင်ရေးတွင် ကုလသမဂ္ဂ အနေဖြင့် ထိရောက်သော အကူအညီများပေးရန် တင်ပြဆွေးနွေးခဲ့သည်ဟု ရွှေစေတီဆရာတော်က မိန့်ကြားသည်။

“အဓိက လူသားချင်းစာနာမှု ထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး လာတွေ့တာ။ ဦးဇင်းက မိုခါဒဏ်သင့်၊ တိုက်ပွဲရှောင်၊ ရေဘေးသင့်တာတွေနဲ့ ပတ်သက်ပြီး ကူညီပေးဖို့ တင်ပြတောင်းဆိုလိုက်တယ်။ မွတ်ဆလင်နဲ့ ပဋိပက္ခကိစ္စတွေ ကိုလည်း မေးမြန်းခဲ့တယ်။ ဒီမှာ လူသားချင်းစာနာမှု အခက်အခဲတွေ ရှိနေရင် သူတို့ကွင်းဆင်းခဲ့တဲ့ တလျှောက်မှာ တွေ့ကြုံခဲ့တာတွေကို ကုလသမဂ္ဂကိုတင်ပြပြီး ဘာလုပ်ပေးရမလဲဆိုတာကို စီစဉ်သွားမယ်လို့ ပြောခဲ့တယ် ” ဟု ရွှေစေတီဆရာတော် ဘဒ္ဒန္တ အရိယဝံသက မိန့်သည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr.Martin Griffiths သည် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်ပြီး၊ နေပြည်တော်၌ စစ်ကောင်စီဉက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး နောက်တစ်နေ့တွင် ရခိုင်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ကုလအကြီးကဲနှင့် ပြည်နယ်စစ်ကောင်စီတို့ တွေ့ဆုံရာတွင် မုန်တိုင်းသင့်ပြည်သူများကို လူသားချင်းစာနာမှု အကူအညီ ပေးနိုင်ရေးကိစ္စ၊ ဒေသ တည်ငြိမ်ရေး၊ ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန် နိုင်ရေး ရှေ့ပြေးစီမံကိန်းများကို ဆွေးနွေးခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းထံမှ သိရသည်။ သို့သော် အသေးစိတ်အကြောင်းအရာများကို ဦးလှသိန်းက ပြောဆိုခြင်းမရှိပါ။

ယင်းနောက် UNOCHA အကြီးအကဲသည် စစ်တွေမြို့၊ အုန်းတောင်ကြီး မွတ်ဆလင်ဒုက္ခသည်စခန်းသို့လည်း သွားရောက်ခဲ့ပြီး မွတ်ဆလင်များ၏ လက်ရှိအခြေအနေနှင့် ကြုံတွေ့နေရသော အခက်အခဲများကို မေးမြန်းခဲ့ကြောင်း သိရသည်။

အုန်းတောင်ကြီး ဒုက္ခသည်စခန်းတာဝန်ခံ ဦးလှကျော်က “စားဝတ်နေရေး အခက်အခဲရှိနေတဲ့ အခြေအနေရယ်၊ နောက်ပြီးတော့ နိုင်ငံသားကတ်လုပ်ပေးဖို့ တင်ပြခဲ့တယ်။ သူတို့က ကျနော်တို့ ပြောဆိုချက်တွေကို ကုလသမဂ္ဂကို တင်ပြသွားမယ်ဆိုပြီးတော့ ပြောတယ်” ဟု ဆိုသည်။

လက်ရှိတွင် မုန်တိုင်းသင့်ပြည်သူများကို ကူညီထောက်ပံ့ပေးနေသည့် နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ ကို စစ်ကောင်စီက သွားလာခွင့် ကန့်သတ်ထားသည်။ ထို့ကြောင့် ကုလအကြီးအကဲက ရခိုင်ပြည်သို့ ကွင်းဆင်းပြီး ပြည်သူများ၏ အသံကိုနားထောင်ခြင်းမှာ ကောင်းမွန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရခိုင်နိုင်ငံရေးသမားများက ရှုမြင် ကြသည်။

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “စစ်ကောင်စီက လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပြု လုပ်ငန်းတွေမှာ ပိတ်ပင်ကန့်သတ်တာတွေ တောက်လျှောက်လုပ်ခဲ့တယ်။ ဒီလို ကန့်သတ်ပိတ်ပင်တာတွေကို စစ်ကောင်စီဘက်က ရပ်တန့်ဖို့ လိုတယ်။ ကုလအကြီးအကဲတွေအနေနဲ့ အခုလို ပြည်သူ့အသံကို နားထောင်တာ ကောင်းတယ်။ လက်တွေ့မှာလည်း စစ်ကောင်စီရဲ့ ကူညီထောက်ပံ့မှုတွေက ဘယ်လိုမှ အားရစရာ မရှိဘူး။ ဒါကြောင့် ပြန်လည်ထူထောင်ရေး လုပ်ဖို့ဆိုရင် နိုင်ငံတကာရဲ့အကူညီတွေ အများကြီးလိုအပ်တယ်” ဟု ပြောသည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ ဇူလိုင်လ ၂၁ ရက်နေ့ အစီရင်ခံစာတွင် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး အကူအညီရရှိမှုမှာ ၂၀ ရာခိုင်နှုန်းခန့်သာရှိပြီး လုံလောက်မှု မရှိသေးဟု ရေးသားဖော်ပြထားသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ချင်း တို့တွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၂၄ ဘီလီယံ ရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်မှာ ရခိုင်တွင်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။