စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန်လည်လက်ခံရေး ဆောင်ရွက်နေမှုကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) နှင့် တစုံတရာ ဆွေးနွေးမှုမရှိဘဲ လုပ်ဆောင်နေပါက အောင်မြင်မှု ရရှိနိုင်မည် မဟုတ်ဟု လေ့လာသူများက သုံးသပ်ပြောဆိုသည်။
ULA ကို ထိုကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးပြောဆိုရန်လိုပြီး ယင်းသို့ မဟုတ်ပါက ဒုက္ခသည်များ ပြန်လည် လက်ခံရေးမှာ အောင်အောင်မြင်မြင် အကောင်အထည်ပေါ်လာနိုင်စရာမရှိဟု ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက သုံးသပ်ပြောသည်။
“ULA/AA က ထိန်းချုပ်နယ်မြေ အများကြီး လွှမ်းမိုးထားတဲ့ချိန်ကာလမှ စစ်ကောင်စီအနေနဲ့ ULA အစိုးရကို ဘာမှ ဆွေးနွေးမှုမရှိဘဲ တဖက်သတ်သွားနေမယ်ဆိုရင် လက်ခံရေး ကိစ္စအောင်မြင်မယ်လို့ မထင်ဘူး” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည် နိုင်ငံတကာ၏ ဖိအားများကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များအား ပြန်လည် လက်ခံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ပြန်လည်ဝင်ရောက်လာမည့် ဒုက္ခသည်များအတွက် မောင်တောဒေသတွင် စစ်ကောင်စီဘက်က ကြိုတင်ပြင်ဆင် ထားသည်များကို မြန်မာနိုင်ငံအခြေစိုက် နိုင်ငံ ၁၆ ခု၏ သံရုံးမှ အကြီးအကဲများနှင့် သံတမန်များကို စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့်အဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်တွင် သွားရောက်ပြသခဲ့သည်။
ထိုအဖွဲ့သည် စစ်တွေမြို့သို့ စက်တင်ဘာလ ၁ ရက်တွင် လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ပြီး နောက်တစ်ရက်တွင် စစ်တွေမှ တဆင့် စစ်ရဟတ်ယာဉ်များဖြင့် မောင်တောမြို့နယ်သို့ သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။
ယင်းခရီးစဉ်တွင် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာ ချထားမည့် ကြိမ်ချောင်း(တောင်) ကျေးရွာနှင့် လှဖိုးခေါင် ယာယီနေရာချထားရေး စခန်းများသို့ သွားရောက် ကြည့်ရှုခဲ့ကြသည်ဟု သိရသည်။
ထိုအဖွဲ့တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်း ပေါင်းစပ်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ(၁)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ စစ်ကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် သံရုံး ၁၆ ခုမှ အကြီးအကဲများနှင့် သံတမန်များ ပါဝင်သည်ဟု သိရသည်။
အဆိုပါသံရုံး ၁၆ ခု မှာ မည်သည့်နိုင်ငံသံရုံးများ ဖြစ်သည်ဆိုသည်ကို စစ်ကောင်စီဘက်က ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ထားခြင်း မရှိခဲ့ပါ။ အဆိုပါအဖွဲ့သည် စက်တင်ဘာ ၁ ရက် ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ထွက်ခွာသွားခဲ့ကြသည်ဟု သိရသည်။
ဒုက္ခသည်များ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ထက်ကပင် ကြိုးပမ်း လာခြင်းဖြစ်သော်လည်း အထမမြောက်ခဲ့သလို လက်ရှိတွင်လည်း စစ်ကောင်စီက ပြန်လည် လက်ခံရေးနှင့် ပတ်သက်၍ နိုင်ငံတကာကို ခေါ်ပြရုံအဆင့်သာရှိပြီး အောင်မြင်ဖို့ ခဲယဉ်းကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်တွင်းသို့ ARSA အဖွဲ့ စိမ့်ဝင်လှုပ်ရှားနေ၍ ဒေသခံလူထု စိုးရိမ်မှု မြင့်တက်နေသည့် ကာလမျိုးတွင် စစ်ကောင်စီ၏ ဒုက္ခသည်များ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များမှာ အောင်မြင်မှုရရှိမည်ဟု မထင်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီနေ့အနေအထားမှာ ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း ARSA တွေ သတ်ဖြတ်မှုတွေ ဖြစ်နေတာတွေ ရှိတယ်။ ရခိုင်ပြည်တွင်းကိုလည်း အခုဝင်ရောက်ပြီးတော့ သောင်းကျန်းနေတာတွေလည်း ကြားရတယ်။ လူထုအတွင်း စိုးရိမ်မှု ရှိနေကြတဲ့ အနေအထားပေါ့။ အဲဒီလိုအနေအထားမှာ ပြန်လည်လက်ခံရေးဆိုတာက ဘယ်လောက်ထိ ဖြစ်နိုင်မလဲ” ဟု ဦးအောင်သောင်းရွှေက မေးခွန်းထုတ်သည်။
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် စစ်ကောင်စီ၏ ဆောင်ရွက်ထားချက်များကို ပြီးခဲ့သည့် မတ်လ ၈ ရက် ကလည်း အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံ သံရုံးအကြီးအကဲများက စစ်ကောင်စီ ခေါင်းဆောင်သော အဖွဲ့နှင့်အတူ မောင်တောဒေသသို့ သွားရောက်ကြည့်ရှုခဲ့သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရသူ ဦးခိုင်သုခက စစ်ကောင်စီ၏ ယခု ဆောင်ရွက်ချက်မှာ နိုင်ငံတကာအမြင်ကောင်းအောင် ဟန်ပြသဘောမျိုး လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည့် ULA/AA ၏ သတ္တမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
ဦးခိုင်သုခက “မွတ်ဆလင်တွေကို ပြန်လည်လက်ခံဖို့ လုပ်နေတယ်ဆိုတဲ့ကိစ္စက ဟန်ပြဖြစ်ဖို့ များပါတယ်။ ဘာကြောင့်လဲဆိုရင် ရခိုင်ပြည်နဲ့ FPNCC အဖွဲ့ဝင်တချို့ နယ်မြေတွေကလွဲလို့ တစ်နိုင်ငံလုံး အတိုင်းအတာ အားဖြင့် တည်ငြိမ်မှု မရှိ၊ လုံခြုံရေးအရ စိတ်မချရသေးတဲ့အခြေအနေမှာ အခုလိုလက်ခံဖို့လုပ်ပြနေတာက အဲဒီကိစ္စမှာ စစ်ကောင်စီဘက်က နိုင်ငံရေးနောက်ခံစဉ်းစားချက်တွေ အများကြီးပါနေနိုင်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်”ဟု ပြောဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များက မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာရာတွင် မိမိနေရပ်ကို ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေး၊ မူလနေရပ်များတွင် ပြန်လည်နေရာချထားပေးရေး၊ နိုင်ငံသားအခွင့်အရေး ပေးရန်နှင့် လုံခြုံရေး အာမခံချက်ပေးရေး စသည့် အချက် ၃ ချက်ကို မြန်မာစစ်ကောင်စီက အပြည့်အဝပေးရန် တောင်းဆိုလျက် ရှိသည်။
ဒုက္ခသည်များနှင့်နီးစပ်သည့် မွတ်ဆလင်တစ်ဦးက “တောင်းဆိုထားတဲ့ အချက် ၃ ချက်ကို စစ်ကောင်စီဘက်က လိုက်လျောပေးမယ် ဆိုရင်တော့ ဒုက္ခသည်တွေ ပြန်ဝင်လာဖို့ဆန္ဒ ရှိပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ဒုက္ခသည်တွေ တောင်းဆိုချက်တွေကို လိုက်လျောမပေးတဲ့အတွက် အခုလိုကြန့်ကြာနေတာပါ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂ဝ၁၆ နှင့် ၂ဝ၁၇ ခုနှစ်များတွင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် မွတ်ဆလင် ၇ သိန်းခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
နိရဉ္စရာ ပေးပို့သည်။