NUG အနေဖြင့် မြေပြင်အဖွဲ့အစည်းများကို အနီးကပ်ကွပ်ကဲမှုနှင့် စနစ်ကျမှုရှိရန် လိုအပ်ကြောင်း KNU အကြံပြု

By MPM 6 စက်တင်ဘာ, 2023 👁

အမျိုးသားညီညွှတ်ရေးအစိုးရ-NUG အနေဖြင့် အစိုးရတစ်ရပ်အဖြစ် တော်လှန်ရေးနှင့်အုပ်ချုပ်ရေး လုပ်ဆောင်ရာတွင် မြေပြင်အဖွဲ့အစည်းများအား အနီးကပ် ကွပ်ကဲရန်နှင့် စနစ်ကျနမှုရှိရန် လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ ဝါရင့်တော်လှန်ရေးခေါင်းဆောင်ကြီး ပဒိုစောသမိန်ထွန်းက အကြံပြုပြောဆိုသည်။

အစိုးရတစ်ရပ်အဖြစ် ခံယူထားသော NUG ၏ တိုက်ခိုက်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဖွဲ့ခြင်းလုပ်ငန်းများ လုပ်ဆောင်ရာတွင် သက်ဆိုင်ရာ မြို့နယ်ခေါင်းဆောင်များ အလိုက် တိုင်ပင်ဆွေးနွေးမှု လိုအပ်သလို မြေပြင်ရှိ တော်လှန်ရေး အင်အားစုများသို့ အနီးကပ် ညွှန်ကြားမှု၊ အနစ်နာခံမှုနှင့် စနစ်ကျနမှုရှိသော ခေါင်းဆောင်များ လိုအပ်သည်ဟု စက်တင်ဘာ ၄ ရက်နေ့က ကရင်လူငယ်အစည်းအရုံး-KYO မှ ဦးစီးကျင်းပခဲ့သည့် လူငယ် မိတ်သင်္ဂဟပွဲတွင် ပဒိုစောသမိန်ထွန်းက အကြံပြုခဲ့ခြင်း ဖြစ်သည်။

“NUG ဆိုတဲ့ အစိုးရကြီးက ပြည်တွင်းမှာ မရှိဘူး၊ တိုက်ခိုက်ရေးသမားတွေကတော့ ပြည်တွင်းမှာ ရှိနေတယ်၊ တကယ်ဆိုရင် ခေါင်းဆောင်လုပ်တဲ့သူတွေက မြေပြင်မှာ ရှိရမယ်။ လူကြီးတွေ အနစ်နာခံလိုက်ပါ ဘာမှမလုပ် လည်း နယ်စပ်ကလေးမှာ လာထိုင်နေပေါ့ဗျာ။ နယ်စပ်ဆိုတာလည်း အတွင်းကျကျပေါ့ ထိုင်းနိုင်ငံ ကမ်းနဖူးတော့ မလုပ်နဲ့ပေါ့။ ကျနော်တို့ ကေအဲန်ယူမှာ ရဲဘော်ရော ခေါင်းဆောင်ရော တစ်နေရာတည်း ရှိနေတာ အဲ့လိုခေါင်းဆောင်မျိုးရှိဖို စနစ်ကျဖို့ လိုတယ်၊ အနီးကပ်ညွှန်ကြားဖို့ လိုတယ်” ဟု ပဒိုစောသမိန်ထွန်းက ထောက်ပြပြောဆိုသည်။

ထို့အပြင် ခေါင်းဆောင်များအနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ရန်သူ့အခြေအနေအပြင် လက်ရှိနိုင်ငံရေး အခင်းအကျင်းတို့ကို သေချာစွာ ကြည့်ရှုလုပ်ဆောင်ရန် အရေးကြီးသလို သမိုင်းပေးတာဝန် အသိဖြင့် ဘုံရန်သူ တော်လှန်ရေးအတွက် စည်းလုံးညီညွှတ်မှုဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ဝါရင့်တော်လှန်ရေးခေါင်းဆောင်ကြီး ပဒိုစောသမိန်ထွန်းက ဖြည့်စွက်အကြံပြုသည်။

NUG လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “တစ်ခါတလေကျရင် မြေပြင်နဲ့အပေါ်က ထိတွေ့မှု အရမ်းအားနည်းတယ်။ ကျနော်တို့ အောက်ခြေက ရဲဘော်အနေနဲ့ကတော့ အားနည်းချက်တွေ ရှိတယ်လို့ မြင်မိတယ်။ တကယ်လို့ ဒီကြားမှာ ထိတွေ့မှု ပိုပြီးအားကောင်းလာရင်တော့ ပိုကောင်းတာပေါ့” ဟု ၎င်း၏ အမြင်ကို ပြောပါသည်။

ထို့အတူ NUG သည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းခြင်း မရှိသူများအား အရေးယူ ဆောင်ရွက်မှုဆိုင်ရာ တော်လှန်ရေးကာလအလွန် လုပ်ငန်းစဉ်များကို လူထုသို့ ထုတ်ပြန်ပြောဆိုခြင်း လုပ်ဆောင်ခဲ့သည့်အပေါ် KNU ခေါင်းဆောင်ကြီး ပဒိုစောသမိန်ထွန်းက ယခုလို ဆက်လက်ထောက်ပြခဲ့သည်။

“အဲ့လိုဘာလုပ်မယ် ဆိုတဲ့အစား အဓိက ပညာပေးရေးပုံစံနဲ့ စည်းရုံးရေးတွေ ချနိုင်ရမယ်။ အခုက အစိုးရအမိန့် ပုံစံနဲ့ ထုတ်ပြန်ကြေညာချက်တွေ လုပ်နေတယ်။ Non CDM တွေမှာလည်း သူ့ဟာနဲ့သူ ထောက်ပံ့နေတာတွေ ရှိတယ်။ အဲ့ဒါကို ခေါင်းဆောင်က သိဖို့ လိုတယ်။ အခုက ခေါင်းဆောင်က တာဝတ္တိ့သာမှာ နေ၊ လူငယ်တွေက လူ့ပြည်မှာနေ၊ လူ့ပြည်နဲ့ နတ်ပြည်နဲ့က အဆက်အသွယ်မရှိ ဖြစ်နေတယ်။ ဒါကြောင့် ဒါလေးကို ပြင်လိုက်ရင်ရပြီ” ဟု ၎င်းက ပြောဆိုသည်။

NUG အနေဖြင့် အာဏာသိမ်းမှုကာလ ၂ နှစ်ကျော် ရှိလာချိန်တွင် အုပ်ချုပ်ရေး၊ တိုက်ခိုက်ရေး အပြင် နိုင်ငံတကာနှင့် တွေ့ဆုံ၍ စစ်ကောင်စီသို့ ဖိအားဖြစ်စေမည့် နည်းလမ်းမျိုးစုံ ကြိုးပမ်းခြင်းဖြင့် တော်လှန်ရေး အရေးပါမှုများ ရှိထားသလို KNU ကလည်း ဖက်ဒရယ်ပြည်ထောင်စုအပါအဝင် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး ဘုံရည်မှန်းချက်အတွက် NUG လက်အောက်ခံ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ နယ်မြေချဲ့ထွင်နိုင်ရန် ဆက်တိုက်လုပ်ဆောင်နေခြင်း ဖြစ်သည်။

အလားတူ ငြိမ်းချမ်းရေးနှင့် တန်းတူရေးကို လိုလား၍ စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) တွင် လတ်မှတ်ရေးထိုးခဲ့သော KNU သည် အာဏာသိမ်းမှုနောက်ပိုင်း ဆက်လက်ပြုလုပ်လျက်ရှိသော စစ်ကောင်စီ ဖိတ်ခေါ်သည့် တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်မှု မရှိတော့သလို KNU ကွန်ကရက် ကျင်းပမှုအပြီး ရက်ပေါင်း တစ်ရာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် NCA မရှိတော့ကြောင်း အတိအလင်း ပြောဆိုခဲ့သည်။

ကေအိုင်စီ ပေးပို့သည်။