တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် အခမ်းအနားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပသည့် ၃ တာအတွင်း စစ်ကောင်စီသည် နိုင်ငံတဝန်းက တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် ဒေသများကို လေကြောင်းဗုံးကြဲမှုများ ပြုလုပ်နေခဲ့သည်။
နေပြည်တော်တွင် နိုင်ငံတကာသံတမန်များ၊ လက်နက်အကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် အခြားတစ်ဖက်တွင်လည်း ကချင်ပြည်နယ်၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်တို့တွင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာလ ၁၆ ရက်၊ ညသန်းခေါင် ၁၂ နာရီဝန်းကျင်တွင် တရုတ်နိုင်ငံနှင့် နယ်မြေချင်း ထိစပ်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို စစ်ကောင်စီက အသေခံဒရုန်း (Suicide Drone) တစ်စီးဖြင့် တိုက်ခိုက်ခဲ့ပြီး တရုတ်နိုင်ငံသား နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေးစာချုပ် နှစ်ပတ်လည်အခမ်းအနားတွင် စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးစကား ပြောနေသော်လည်း တစ်ချိန်တည်းမှာပင် အရပ်သားများကို ပစ်မှတ်ထား၍ လေကြောင်း တိုက်ခိုက်နေခြင်းမှာ စစ်ခေါင်းဆောင်၏ လွန်စွာ ယုတ်ညံ့ပြီး စစ်ရာဇဝတ်မှုကို ပွင့်လင်းစွာ ချိုးဖောက်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက ပြောသည်။
“ ငြိမ်ချမ်းရေးစကားတွေ အားပါတရပြောနေပြီး လေယာဉ်မျိုးစုံ၊ အဆင့်မြှင့် ဒရုန်းတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲနေတာက တကယ့် လူယုတ်မာတွေလုပ်တဲ့ အလုပ်ပါ။ ဒါတောင် နိုင်ငံတကာကိုယ်စားလှယ်တွေ ရှိနေသေးတာနော်။ မအလရဲ့ ယုတ်မာပုံကိုတော့ နိုင်ငံတကာက ပြင်းပြင်းထန်ထန် အရေးယူဖို့ တောင်းဆိုချင်ပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း အမျိုးသားတစ်ဦးက ပြောသည်။
၎င်းအပြင် NCA အခမ်းအနား မကျင်းပမီ နာရီပိုင်းအလိုဖြစ်သော အောက်တိုဘာလ ၁၅ ရက် နံနက်ပိုင်းတွင် PDF တပ်ဖွဲ့များ ထိန်းချုပ်သည့် မကွေးတိုင်း၊ ပေါက်မြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီလေတပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီး ၄၄ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းရွာကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား အများအပြား ဒဏ်ရာရခဲ့ပြီး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ အနောက်တောင်ဘက်ရှိ ရွာသာကြီးရွာကို လည်း ဂျိုင်ရိုကော်ပတာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
TNLA ထိန်းချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီး ခါလိန်ရွာကို အောက်တိုဘာလ ၁၅ ရက်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး၊ အောက်တိုဘာ ၁၆ ရက် နံနက် ၇ နာရီခန့်တွင်လည်း မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ လယ်ကြီးနှင့် ပစီကျေးရွာများကို လေတပ်က ဗုံးကြဲခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၁၆ ရက်တွင် မိုးကုတ်မြို့နယ်၊ ညောင်ကုန်းထက်ကျေးရွာကိုလည်း ပေါင် ၂၅၀ ဗုံး နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ကြက်မွေးမြူရေးခြံ ပျက်စီးခဲ့ကြောင်းလည်း TNLA က ထုတ်ပြန်သည်။
စစ်ကောင်စီက TNLA ထိန်းချုပ်ထားသည့် နယ်မြေများကို ဗုံးကြဲခြင်းသည် ထိုမြို့များကို ထိုးစစ်ဆင်တော့မည်ဟူ သည့် အဓိပ္ပာယ်ဖြစ်ပြီး စစ်ရေးအရ သတိပေးခြင်းဖြစ်သလို TNLA ၏ အရေးပါသည့် နေရာများကို ဖျက်ဆီးခြင်း လည်းဖြစ်ကြောင်း စစ်ရေးနိုင်ငံရေးသုံးသပ်သူများက ဆိုသည်။
ထိုင်းနိုင်ငံအတွင်း နိုင်ငံရေး သိပ္ပံကျောင်းတက်နေသည့် လူငယ်တစ်ဦးက “ ရှမ်းမြောက်က ဘယ်မြို့မဆို ကြည့်လေ ဗုံးတအားကြဲတယ်။ ပြီးတော့ ထိုးစစ်ဆင်ပြီ နောင်ချို၊ ကျောက်မဲ၊ သီပေါ အဲ အတိုင်းပဲ။ စစ်ကောင်စီက သူတို့ရဲ့ လေပိုင်နက်နဲ့ မြေပြင်ထိုးစစ်ချောမွေ့အောင် လုပ်ပြီး တိုက်တဲ့ဗျူဟာလို့ ပြောရမယ်။ ဒါကို တော်လှန်ရေးအင်အားစုတွေဖက်ကလည်း သတိထားဖို့ လိုတာပေါ့။ လူ့အခွင့်အရေး ဘာညာ သူတို့ နားလည်တာ မဟုတ်ဘူး။ စစ်တပ်က သူတို့ အခွင့်အရေးရဖို့ပဲ လုပ်နေကြတာ” ဟု ရှုမြင်သည်။
အောက်တိုဘာလ ၁၇ ရက်တွင်လည်း စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ချိုရွာကို လေကြောင်း တိုက်ခိုက်ခဲ့မှု ခြင်းကြောင့် ပြည်သူ ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့သည့်အပြင် ရှမ်းပြည်နယ်၊ နမ္မတူမြို့ကို နံနက် ၈ နာရီခွဲခန့် တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA မှ ထုတ်ပြန်ခဲ့သည်။
DMG