DMO Local PDF ဗဟိုကော်မတီ တပ်တွင်းစည်းလုံးရေးနှင့် မဟာဗျူဟာများ ဆွေးနွေး

By MPM 1 စက်တင်ဘာ, 2026 👁 25

ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို (DMO Local PDF) ၏ ဗဟိုကော်မတီဝင်များသည် ဩဂုတ်လ စတုတ္ထပတ်အတွင်း DMO Local တပ်ရင်းများနှင့် ဗဟိုတပ်ရင်းရှိ တပ်ရင်း၊ တပ်ခွဲများသို့ မြေပြင်ကွင်းဆင်းသွားရောက်ကာ တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ တပ်တွင်းစည်းလုံးရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ မဟာဗျူဟာများကို ဆွေးနွေးခဲ့ကြောင်း DMO Local PDF က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ဗဟိုကော်မတီဝင်များသည် DMO Local တပ်ရင်း (၁)၊ တပ်ရင်း (၂)၊ တပ်ရင်း (၃)၊ တပ်ရင်း (၄) နှင့် DMO ဗဟိုတပ်ရင်းတို့ရှိ တပ်ရင်း၊ တပ်ခွဲအသီးသီးသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

မြေပြင်တွေ့ဆုံမှုများအတွင်း တပ်ဖွဲ့ဝင်များ၏ လိုအပ်ချက်များနှင့် ရင်ဆိုင်နေရသည့် အခက်အခဲများကို တိုက်ရိုက်နားထောင်ခဲ့ပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ချက်ချင်း၊ ရေတိုနှင့် ရေရှည်အစီအစဉ်များဖြင့် ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တပ်မှူးများ၊ ရဲဘော်များနှင့် ကေဒါများ၏ တော်လှန်ရေးအပေါ် သဘောထားများကို နားထောင်ကာ သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေးခြင်း၊ တာဝန်ခွဲဝေပေးခြင်းနှင့် လုပ်ငန်းတာဝန်များ လွှဲအပ်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။

DMO Local PDF ဗဟိုကော်မတီက မြေပြင်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုထံမှ ပေါက်ဖွားလာသည့် “ပြည်သူ့တပ်” ဖြစ်သည့်အတွက် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို လိုက်နာရန်နှင့် လူ့အခွင့်အရေးကို လေးစားရန် လမ်းညွှန်မှာကြားခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးသည် အဓိကပန်းတိုင်ဖြစ်ပြီး လက်ရှိတွင် စစ်ရေးအရ အောင်မြင်မှုရရှိရေးကို အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်နေကြောင်း DMO Local PDF က ပြောသည်။

စစ်ရေးနှင့် နိုင်ငံရေးမဟာဗျူဟာများကို ပေါင်းစပ်ကာ ပြည်သူလူထုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ဗဟိုကော်မတီက ပြောကြားထားသည်။

အဆိုပါ မြေပြင်ကွင်းဆင်းအဖွဲ့တွင် DMO နာယက ရဲဘော်ကိုသားကြီး၊ အတွင်းရေးမှူး (၁) ရဲဘော်နေတိုး၊ အတွင်းရေးမှူး (၂) ရဲဘော်တွတ်ပီ၊ စီမံ/ဘဏ္ဍာတာဝန်ခံ ရဲဘော်စက်ခေါင်း၊ ကျန်းမာရေးတာဝန်ခံ ရဲဘော် Chillux May နှင့် ရဲဘော်ခွန်းစံတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတရပ်ဖြစ်သည့် ကယန်းအမျိုးသားတပ်မတော် (KNA) မှ ဗဟိုကော်မတီဝင် ဆရာခွန်းရဲခေါင်လည်း မြေပြင်တွေ့ဆုံမှုများတွင် ပါဝင်ခဲ့ပြီး နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အသိပညာဖလှယ်မှုများ ပြုလုပ်ခဲ့ကြောင်း DMO Local PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဇ္ဈိမ