ကုလားတန်စီမံကိန်း ကားလမ်းပိုင်းကို ၂၀၂၇ အတွင်း အပြီးသတ်ရန် အိန္ဒိယအစိုးရ မျှော်လင့်နေ

By MPM 9 အောက်တိုဘာ, 2026 👁 48

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMTTP) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုရမ်ပူကနေ ပလက်ဝမြို့နယ်သို့ ဖောက်လုပ်ထားသည့် ကားလမ်းပိုင်းကို လာမည့် ၂၀၂၇ ခုနှစ် လုပ်ငန်းရာသီအတွင်း အရှိန်မြှင့်ဆောင်ရွက်ရန် အိန္ဒိယအာဏာပိုင်များက မျှော်လင့်နေကြသည်။

အောက်တိုဘာ ၅ ရက်က မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် လမ်းလုပ်ငန်းကုမ္ပဏီဖြစ်သော IRCON International Ltd.တို့ အိုင်ဇောလ်မြို့တွင် တွေ့ဆုံခဲ့ပြီး စီမံကိန်းတိုးတက်မှု၊ အကောင်အထည်ဖော်ရာတွင် ကြုံနေရသည့် အခက်ခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

IRCON ကုမ္ပဏီ၏ တင်ပြချက်အရ ဇိုရမ်ပူကနေ မြန်မာနိုင်ငံဘက်ခြမ်းရှိ ပလက်ဝမြို့နယ် စက်ပစ်ပြင်အထိ လမ်းပိုင်းသည် စုစုပေါင်း ၆၈ မိုင်ခန့် ရှည်လျားပြီး လက်ရှိတွင် မြေပြင်တည်ဆောက်ရေးလုပ်ငန်း ၂၅ ရာခိုင်နှုန်း ပြီးစီးထားကာ ဘဏ္ဍာရေးအရ တိုးတက်မှု ၃၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အဆိုပါ ကုလားတန် စီမံကိန်းသည် အိန္ဒိယဗဟိုအစိုးရ၏ အရေးပါသည့် စီမံကိန်းတစ်ခုဖြစ်ပြီး အချိန်ကြာမြင့်စွာ နှောင့်နှေးနေသည့်အတွက် ဆက်လက်ကြန့်ကြာမှုမရှိစေရန် အမြန်ဆုံးဦးစားပေးဆောင်ရွက်ရန်နှင့် လာမည့် လုပ်ငန်းရာသီအတွင်း တိုးတက်မှုရရှိအောင်ညွှန်ကြားခဲ့ပြီး အခက်အခဲများ ရှိပါက တင်ပြရန်နှင့် ပြောထားသည်။

ကုလားတန် စီမံကိန်းသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသနှင့် ရခိုင်ပြည် စစ်တွေဆိပ်ကမ်းတို့ကို ပင်လယ်ရေကြောင်း၊ မြစ်ကြောင်းနှင့် ကုန်းလမ်းတို့ဖြင့် ချိတ်ဆက်ပေးမည့် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းဖြစ်သည်။

စီမံကိန်းလမ်းကြောင်းမှာ အိန္ဒိယနိုင်ငံရှိ ကာလကတ္တားမှ ပင်လယ်ရေကြောင်းဖြင့် စစ်တွေဆိပ်ကမ်းသို့ ရောက်ရှိပြီး စစ်တွေဆိပ်ကမ်းမှ ကုလားတန်မြစ်ကြောင်းအတိုင်း ပလက်ဝအထိ ဆက်လက်သယ်ယူကာ ဇိုရမ်ပူသို့ ဆက်သွယ်မည်ဖြစ်သည်။

စီမံကိန်း၏ ရေကြောင်းပိုင်းကို ၂၀၂၃ ခုနှစ် မေလတွင် ပြီးစီးဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် ပလက်ဝ–ဇိုရမ်ပူ လမ်းပိုင်းမှာ စီမံကိန်းတစ်ခုလုံးကို မီဇိုရမ်ပြည်နယ်အထိ ကုန်းလမ်းဖြင့် အပြည့်အဝ ချိတ်ဆက်နိုင်ရန် လိုအပ်နေသည့် အဓိကလမ်းပိုင်းဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် ပလက်ဝ–ဇူရမ်ပူလမ်းပိုင်းသည် ကုလားတန် လမ်းကြောင်း တစ်ခုလုံး အပြည့် အဝချိတ်ဆက်နိုင်ရေးအတွက် အဓိကကျန်ရှိနေသည့် လမ်းပိုင်းဖြစ်သည်။

အဆိုပါလမ်းကြောင်း ပြီးစီးပါက မီဇိုရမ်အပါအဝင် အိန္ဒိယအရှေ့မြောက်ဒေသမှ ကုန်စည်များကို စစ်တွေဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ရေကြောင်းနှင့် ချိတ်ဆက်နိုင်မည့် လမ်းကြောင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်ကြောင်းအများစုကို လက်ရှိတွင် အာရက္ခတပ်တော်က ထိန်းချုပ်ထားသည်။

DMG