ဗုံးကြဲခံရမှုနောက်ဆက်တွဲ အိန္ဒိယစျေးကို မှီခိုနေကြသူများ စားဝတ်နေရေး ထိခိုက်

By MPM 9 အောက်တိုဘာ, 2026 👁 47

ကျောက်တော်မြို့၊ အိန္ဒိယဈေး ဗုံးကြဲတိုက်ခိုက်မှု နောက်ဆက်တွဲအဖြစ် ဈေးတွင် ကုန်တင်ကုန်ချ လုပ်ကိုင်စားသောက်နေသည့် စစ်ဘေးရှောင်များမှာ လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေးအခက်ကြုံနေရကြောင်း သိရသည်။

အိန္ဒိယဈေးကို မှီခိုပြီး ကုန်တင်ကုန်ချ၊ ဈေးရောင်း၊ ဈေးဝယ် လုပ်စားနေရကြသည့် ကျောက်တော်မြို့က စစ်ဘေးရှောင် ရာနှင့်ချီရှိနေကြသည်။

ဗုံးကြဲခံရ၍ လူပေါင်း ရာနှင့်ချီ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးပြီးနောက် လက်ရှိတွင် ထိုဈေးကို ပိတ်ထားရသဖြင့် စစ်ဘေးရှောင်များမှာ နေ့စဉ် စားရေးသောက်ရေး အခက်အခဲများ ကြုံနေခြင်းဖြစ်သည်။

“ဒီက စစ်ရှောင်တွေ ဈေးမှာ လုပ်စားနေကြတာ များတယ်။ ကျနော်နဲ့ သမီးဟာ ဒီဈေးမှာ ကုန်ထမ်းရင်း တစ်နေ့လုပ် တစ်နေ့စား သားသမီးတွေကို လုပ်ကျွေးနေတာ။ အခုက ကုန်ထမ်းဖို့သွားရင်း ဗုံးကြဲခံရလို့ ထိခိုက်မိတော့ အများကြီး ဒုက္ခရောက်တယ်။ ဒဏ်ရာရသူကရ ကျန်နေတဲ့သူကလည်း အလုပ်အကိုင်မရှိ ကြောက်တစ လန့်တစနဲ့ဖြစ်နေတာ” ဟု ကျောက်တော်မြို့တွင် စစ်ဘေးရှောင်နေသည့် စစ်တွေမြို့ခံ ဦးမောင်ထွန်းလှိုင်က ဆိုသည်။

လက်ရှိတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့ပေါ်က စစ်ဘေးရှောင် အများစုမှာ အခြားကျေးရွာများနှင့် နီးစပ်ရာဆွေးမျိုးရှိရာသို့ ထပ်မံတိမ်းရှောင်မှုများလည်းရှိကြောင်း သိရသည်။

ယင်းအပြင် ကျောက်တော်မြို့ အိန္ဒိယဈေး ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိသားစုကို အဓိက လုပ်ကိုင် ကျွေးမွေး နေသူများ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသစရိတ်နှင့်  နောက်ဆက်တွဲ စားဝတ်နေရေး ပြဿနာများလည်း ရှိနေကြောင်း မိသားစုဝင်များက ဆိုသည်။

“ကျမတို့ အစ်မမှာ သားဖြစ်သူက သေပြီး အမျိုးသားဖြစ်သူက ဒဏ်ရာရတယ်။ ရှိတဲ့ ပိုက်ဆံ ၄ သိန်းနဲ့ ဆေးကုဖို့ သွားတယ်။ စစ်ရှောင်နေရတဲ့ သူတွေဆိုတော့ အားလုံးဆင်းရဲပင်ပန်းလို့ လုပ်စားကြတာမို့ အချင်းချင်းက တစ်ယောက်ကို တစ်ယောက် မကယ်နိုင်၊ မကူနိုင်ကြဘူး။ အကူအညီတွေ တကယ်ကို လိုအပ်နေတာ” ဟု ကျောက်တော်တွင် စစ်ဘေးရှောင်နေသည့် ပုဏ္ဏားကျွန်းမြို့ခံ ဒေါ်မသိန်းနုချေက ဆိုသည်။

ကျောက်တော်မြို့နှင့် အခြားကျေးရွာများတွင် စစ်ဘေးရှောင် ထောင်နှင့်ချီရှိနေပြီး ယင်းအထဲက အများစုမှာ အိန္ဒိယဈေးတွင် ကုန်တင်ကုန်ချလုပ်ကိုင်သူများဖြစ်ကြောင်း သိရသည်။

“စစ်ရှောင်စခန်းလူတွေဆို မိုးလင်းရင် ဈေးကိုသွား အလုပ်ရှာနေကြ။ တစ်နေ့လုပ်အားခ ရတာနဲ့ စားနေရတာ။ အခုကဈေးလည်း မဖွင့်တော့ ကျပ်တည်းကြတယ်။ ကျမတို့လည်း အဲဒီဘက်ကို သွားဖို့တောင် ကြောက်နေတုန်းပဲ” ဟု ကျောက်တော်မြို့ စစ်ဘေးရှောင်စခန်းတစ်ခုက မဦးမေက ဆိုသည်။

အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်က စစ်ဘေးရှောင်များမှာ ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်နေရသည့် အခြေအနေများလည်းရှိနေသည်။

ကျောက်တော်မြို့ အိန္ဒိယဈေးကို  စက်တင်ဘာ ၂၈ ရက်နေ့က အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅၀ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့သည်။

ရခိုင်ပြည်တွင် စစ်ဘေးရှောင်ဦးရေ ၆ သိန်းကျော် ရှိနေပြီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်များမှာ နေရာသစ်များသို့ ထပ်မံပြောင်းရွှေ့နေရသူများလည်း ရှိနေသည်။

ထို့အတူ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများကို အာဏာသိမ်း စစ်တပ်က အောက်တိုဘာ ၄ နှင့် ၅ နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်ခဲ့၍ စစ်ဘေးရှောင်အပါအဝင် အရပ်သား ၈ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်သည်။

ရခိုင်တွင် အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြင့်လုပ်နေပြီး အရပ်သား ထိခိုက်သေဆုံးမှုမှာလည်း ဆက်လက်မြင့်တက်လာနေသည်။

DMG