(၆) လအတွင်း တနင်္သာရီတိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ၆၀ ခုနီးပါး ဖြစ်ပွား

By MPM 4 အောက်တိုဘာ, 2026 👁 71

၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လတာကာလအတွင်း တနင်္သာရီတိုင်းမှာ အာဏာသိမ်းစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၅၇ ခုနဲ့ အများဆုံးကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် ND-Burma က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ခြောက်လတာကာအတွင်း နိုင်ငံတဝန်းမှာ အမှု ၃၀၅ ခုနဲ့ ဖြစ်ရပ် ၅၃၆ ခုကို မှတ်တမ်းတင်ခဲ့ပြီး အဲဒီထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှု စုစုပေါင်း ၂၈၉ ခုနဲ့ လက်နက်ကိုင် တိုက်ခိုက်မှု ၂၄၇ ခု ပါဝင်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေအနေနဲ့ မြန်မာစစ်တပ်က ၂၀၅ ခု၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေက ၂၀ ခုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၂ ခု ကျူးလွန်ခဲ့တယ်လို့ ND-Burma က ဆိုပါတယ်။

အဲဒီထဲမှာ တနင်္သာရီတိုင်းက လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၅၇ ခုနဲ့ အများဆုံးဖြစ်ပြီး ကချင်ပြည်နယ်မှာ ၅၀ ခုနဲ့ ရှမ်းပြည်နယ်မှာ ၄၈ ခု အသီးသီး မှတ်တမ်းတင် ဖော်ပြထားပါတယ်။

အစီရင်ခံစာအရ အဲဒီ ကာလအတွင်း အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်တွေအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး နေ့စဉ် ကျေးရွာတွေက နေအိမ်တွေအပြင် စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေ မီးရှို့ဖျက်ဆီးခံနေရတယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ဟာ ဆယ်စုနှစ်ချီ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ ရှောင်လွှဲနေပြီး လူတိုင်း တန်းတူညီမျှမှုရရှိရေးအတွက် မျိုးဆက်သစ်ခေါင်းဆောင်တွေနဲ့ ဖက်ဒရယ်အစိုးရတွေက ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ND-Burma က တိုက်တွန်းထားပါတယ်။

သံလွင်တိုင်းမ်