စစ်အာဏာသိမ်းကာလအတွင်း စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့မှုကြောင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ၂၇,၄၉၆ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း အျက်အလက်များကို ကောက်ယူစုဆောင်းနေသည့် Data for Myanmar က ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းအတွင်း မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အနက် ၃၂ မြို့နယ်မှာ နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ကျန် ၅ မြို့နယ်မှာတော့ အလားတူဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ကြောင်း သတင်းတွေမှာ မတွေ့ရကြောင်းနှင့် အဆိုပါ မြို့နယ်များမှာ ခန္တီး၊ ကလေးဝ၊ လေရှီး၊ လဟယ်၊ နန်းယွန်း မြို့နယ်တွေဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
“ ဒီရွာတွေကိုတော့ ငါတို့ရှံးပြီ ငါတို့အုပ်ချုပ်လို့မရတော့ဘူးဆိုပြီး မစားရတဲ့အမဲ သဲနဲ့ပက်သဘောနဲ့ ရွာမီးရှို့တာပါ။ ဒါအမှန်ပဲ” ကနီမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်းဝင်းက မှတ်ချက်ပြုသည်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် စစ်ကောင်စီ မီးရှို့ဖျက် ဆီးခဲ့သည့် နေအိမ်ပေါင်း ၁၃၅၂ အိမ် ကျေးရွာပေါင်း ၃၇ ရွာ ရှိပြီဖြစ်ကြောင်းလည်း ဦးထွန်းထွန်းဝင်းက ဆိုသည်။
စစ်ကိုင်းတိုင်းအတွင်း ၂၀၂၂ ခုနှစ်၊ ဧပြီ၊ မေ၊ ဇွန်နဲ့ အောက်တိုဘာလ (၄) လသည် နေအိမ်ပျက်စီးမှုအရေအတွက် အများဆုံးလတွေဖြစ်ခဲ့ပြီး အဆိုပါ ၄ လအတွင်း နေအိမ်ပေါင်း ၁၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းနှင့် ပုလဲ၊ ခင်ဦး၊ ကန့်ဘလူနဲ့ တန့်ဆည်မြို့နယ်တွေကတော့
ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်ပြီး အဆိုပါ တစ်မြို့နယ်လျှင် ပျမ်းမျှနေအိမ်ပေါင်း ၂၂၀၀ ၂,၂၀၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းလည်း Data for Myanmar က ဖော်ပြထားသည်။
ဆေကောင်ခမ်း (ရှမ်းနီအသံ) – ပေးပို့သည်။