စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ပိန်းအင်းကျေးရွာအနီးတွင် ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြည်သူလေးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်ပြီး အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း မြေမြုပ်ခဲ့ကြောင်း Indaw Revolution – IRTeam က ထုတ်ပြန်ထားသည်။
သတ်ဖြတ်ခံရသူများမှာ နန့်သဲရွာမှ ကိုထွန်းနိုင်ဝင်း၊ ကွမ်းချောင်းရွာမှ ကိုနေဝင်း၊ မအူကုန်းရွာမှ ကိုကျော်လွင်ဖြစ်ပြီး ရွှေချောင်းရွာက ပြည်သူတစ်ဦးအမည်ကို စုံစမ်းဆဲဖြစ်ကြောင်းလည်း IRTeam က ဆိုသည်။
“ဘက်ဟိုးနဲ့တူးပြီး ဇရပ်နားမှာ မြုပ်လိုက်တယ်လို့တော့ကြားတယ်။” ဟု အင်းတော်မြို့နယ် ဒေသခံတစ်ဦးကဆိုသည်။
ထို့ပြင်လည်း ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်သားများသည် စက်တောကုန်းကျေးရွာရှိ ပြည်သူများ၏ နေအိမ်အချို့အား မီးတင်ရှို့ခဲ့ကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များနှင့် IRTeam က အတည်ပြုပြောကြားသည်။
အင်းတော်မြို့နယ် ညောင်ကုန်၊ ဂျုံးဂျုံးဂျနှင့် ပိန်းအင်းရွာအနီးတွင် ဒီဇင်ဘာလ 16 ရက်နေ့မှ 18 ရက်နေ့အထိ စစ်ကောင်စီတပ်များနှင့် KIA၊KPDF၊ အင်းတော် pdf ပူးပေါင်းတပ်ဖွဲ့များတို့ တိုက်ပွဲ ၃ ရက်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အင်အား ၄၀ ကျော်ခန့် ထိခိုက်သေဆုံးရှိခဲ့ကြောင်းနှင့် တော်လှန်ရေးအင်အားစုများမှ ရဲဘော်တစ်ဦး ရင်ဘတ်ထိမှန်ခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း IRTeam က ဖော်ပြထားသည်။
ယခုအချိန်ထိ ဂျုံးဂျုံးဂျရွာသစ်မှ နေအိမ် ၆ လုံးနှင့်စားသောက်ဆိုင် ၂ ဆိုင်၊ ဂျုံးဂျုံးဂျရွာမမှ နေအိမ် ၁၁ လုံး၊ မအူကုန်းရွာမှ နေအိမ်အလုံး ၂၀ နှင့် ပိန်းအင်းရွာမှ နေအိမ် ၁ လုံးနှင့် စက်တောကုန်းရွာ စာရင်းအတည်မပြုနိုင်သေး မီးရှို့ခံထားရပြီး ကျေးရွာ ၁၂ ရွာမှ ပြည်သူ 5000 ကျော် စစ်ဘေးရှောင်နေရကြောင်းလည်း သိရသည်။
ဆေကောင်ခမ်း (ရှမ်းနီအသံ)-ပေးပို့သည်။