ရှမ်းမြောက်က အရေးပါဆုံး သတ္တုတွင်းတွေကို  “ဝ” နဲ့ ပလောင်တပ်ဖွဲ့တို့ ထိန်းချုပ်ထား

By MPM 10 စက်တင်ဘာ, 2026 👁 45

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ  စီးပွားရေး၊ တရုတ်နိုင်ငံအတွက် အရင်းအမြစ်နဲ့ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက် တွေအတွက် အရေးပါဆုံးသတ္တုတွင်းတွေကို  “ဝ” တပ်ဖွဲ့ (UWSA) နဲ့ တအာင်း/ ပလောင်တပ်ဖွဲ့  ( PSLF/TNLA) တို့က ထိန်းချုပ်ထားကြတယ်လို့ သိရပါတယ်။

မြန်မာမဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု့ (ISP Myanmar) ရဲ့ ရှမ်းမြောက် ပဋိပက္ခစီးပွားရေးနဲ့ ဆန်းစစ်ချက်ထုတ်ပြန်မှုထဲမှာ အခုလိုပြောထားတာပါ။

ကမ္ဘာ့သံဖြူထုတ်လုပ်မှု အကြီးဆုံးသတ္တုတွင်းထဲပါဝင် ထားတဲ့ မိုင်းမောမြို့နယ်ရှိ မိုင်းမောသတ္တုတွင်းကို “ဝ” တပ်ဖွဲ့က ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့သံဖြူကုန်ကြမ်းထုတ်လုပ်မှုရဲ့ (၁၁) ရာခိုင်နှုန်းခန့်က မြန်မာပြည်တွင်းက ထွက်ရှိတာဖြစ်ပြီး ဒီမိုင်းမောသတ္တုတွင်းကနေ ရာခိုင်နှုန်းအများဆုံးနဲ့ ပမာဏအများစုကို ထုတ်လုပ်နေတာလို့ သိရပါတယ်။

လက်ရှိကာလမှာ  ငွေ၊ ခဲ၊ သွပ်တို့ ထွက်ရှိပြီး တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ် တဲ့  နမ္မတူသတ္တုတွင်းကိုတော့ TNLA တပ်ဖွဲ့များက ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

ရှမ်းမြောက်မှာ သတ္တုတူးဖော်တဲ့ လုပ်ကွက်ပေါင်း (၃၁) ခုထက်မနည်းရှိတဲ့အထဲ  တန့်ယန်း၊ နောင်ချို၊ သီပေါ၊ လားရှိုးမြို့နယ်အတွင်း လုပ်ကွက် (၁၀) ခုကို စစ်တပ်က ထိန်းချုပ်ထားပြီး  နမ္မတူ၊ ကျောက်မဲ၊ မန်တုံ၊ နမ့်ခမ်းက   (၉) ခုကို TNLA  က  ထိန်းထားပါတယ်။

သီပေါနဲ့ နမ္မရှိ သတ္တုတွင်း (၈) ခုကို   မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့လက်အောက်မှာ ရှိနေတယ်လို့ သိရပါတယ်။

လုပ်ကွက်တွေထဲမှာ ကျောက်မီးသွေးတွင်းက အများဆုံးဖြစ်ပြီး ဒုတိယက ခဲနဲ့ တတိယက ရွှေတွင်းဖြစ်ကာ နောက်ထပ် ငွေ၊ ထုံးကျောက်၊  ဂေါဒန်ကျောက်၊ ဆီလီကွန်ကျောက်၊ စကျင်ကျောက်၊ သလင်းကျောက်၊ သွပ်၊ ကြေးနီ၊ နဝရတ်ကျောက် စတဲ့ တွင်းထွက်ပေါင်း (၁၂) မျိုးထက်မနည်း တူးဖော်နေကြတာလည်း ဖြစ်ပါတယ်။

သီပေါမြို့နယ်မှာ လုပ်ကွက် (၇) ထက်မနည်းရှိနေပြီး သတ္တုတူးဖော်တဲ့ မြို့နယ်တွေထဲ အများဆုံးဖြစ်တယ်လို့ ISP Myanmar က ဆိုထားပြီး  ဒီလက်နက်ကိုင်အဖွဲ့တွေအပြင် အချို့သတ္တုတွင်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ကလည်း လှုပ်ရှားထိန်းချုပ်မှုရှိထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းကို ညီနောင်မဟာမိတ် (၃) ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးတွေနဲ့ သိမ်းပိုက်ခဲ့ပြီး သီပေါ၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်နဲ့ လားရှိုးမြို့နယ်တွေကို တရုတ်နိုင်ငံရဲ့ ညှိနှိုင်းမှုတွေနဲ့ စစ်တပ်က ပြန်လည်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ရှမ်းနီအသံ