စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာတွင် ကျင်းပနေသည့် တရားစခန်းကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံမှ သိရသည်။
ဆွဲလဲအိုကျေးရွာတွင် ၁၀ ရက်ကြာ တရားစခန်းကျင်းပနေစဉ် ယနေ့ (ဩဂုတ်လ ၂၁ ရက်)၊ နံနက် ၉ နာရီ မိနစ် ၂၀ အချိန်တွင် တံတားဦးမှတက်လာသည့် ဂျက်ဖိုက်တာတစင်းက နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တရားစခန်းပွဲလုပ်နေတဲ့ ဘုန်းကြီးကျောင်းပေါ်တလုံး၊ ဘုန်းကြီးကျောင်းအနောက် လူနေအိမ်ပေါ်တလုံးကျတာ၊ ၁၀ ဦးကျဆုံးတယ် ပြည်သူထိခိုက်မှု တော်တော်များမယ် အတိအကျတော့ မသိရသေးဘူး” ဟု မြောင်မြို့နယ် ပအဖ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက မဇ္ဈိမကို ပြောသည်။
စစ်အုပ်စုကြဲချသည့် ဗုံးမှာ တရားစခန်းဝင်နေသည့် အမျိုးသားအဆောင်ပေါ် ကျရောက်ခဲ့သဖြင့် သေဆုံးသူများမှာ အသက်ကြီးပိုင်း အမျိုးသားများဖြစ်ပြီး အသက်အရွယ်အတိအကျကို မသိရသေးကြောင်း ၎င်းက ဆိုသည်။
အဆိုပါတရားစခန်းမှာ မြောင်မြို့နယ်အတွင်းရှိ လူကြီးများ လာရောက်တရားအားထုတ်သည့်နေရာဖြစ်ပြီး နှစ်စဉ်ကျင်းပလေ့ရှိကာ ယခုနှစ် တရားစခန်းစတင်ခဲ့သည်မှာ လေးရက်ခန့်သာရှိသေးကြောင်း သိရသည်။
တရားစခန်းဝင်သူများမှာ ကျေးရွာအမျိုးမျိုးမှ လာရောက်သူများဖြစ်ပြီး ဒဏ်ရာရသူများကို ၎င်းတို့ နီးစပ်ရာဆေးခန်းများတွင် ကုသနေကြသဖြင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်အတိအကျကို မသိရသေးကြောင်း ကိုမျိုးကြီးက ပြောသည်။
တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ငါးလုံးခန့် ပျက်စီးခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို ကူညီကယ်ဆယ်ရေးအဖွဲ့များက သယ်ယူနေသည့် မှတ်တမ်းဓာတ်ပုံများနှင့် နေအိမ်ပျက်စီးမှု ဓာတ်ပုံများကို မြိုင်မြို့နယ် ပအဖထံမှတဆင့် မဇ္ဈိမက လက်ခံရရှိထားသည်။
ထို့အပြင် မြောင်မြို့နယ်၊ လှေတင်ဦးကျေးရွာကိုလည်း စစ်အုပ်စုတပ်က ဩဂုတ်လ ၁၉ ရက်နေ့၊ ညနေ ၇ နာရီ မိနစ် ၁၀ အချိန်တွင် လေကြောင်းမှ ဗုံးသုံးကြိမ်ကြဲချခဲ့ရာ စတားလင့်ခ် အင်တာနက်ဆိုင်ပိုင်ရှင် အမျိုးသားတဦးနှင့် အနီးရှိ အထည်ဆိုင်မှ အမျိုးသမီးတဦး သေဆုံးခဲ့ပြီး ဒေသခံ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြောင်မြို့နယ် ပအဖက အတည်ပြုပြောကြားထားသည်။
“အခုလိုဘဲ ကျွန်တော်တို့နယ်ကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးတာတွေများနေသလို မိသားစုတွေ ဘဝတွေပြိုကွဲပျက်စီးနေရတာမြင့်တွေ့ ရတာများတော့ စစ်အုပ်စုရဲ့ လူစိတ်မရှိတဲ့လုပ်ရပ်တွေအပေါ် ဘာမှ ပြောစရာမရှိတော့ပါဘူး” ဟု မြိုင်မြို့နယ် ပအဖ ပြန်ကြားရေးတာဝန်ခံက ပြောဆိုခဲ့သည်။
မဇ္ဈိမ