မြဝတီတောင်ဘက် သဲဖြူချောင်းတောင်ကြော၌ တိုက်ပွဲပြင်းထန်နေသော်လည်း ကျားဖြန့်ရုံများ ဆက်လည်ပတ်နေ

By MPM 4 အောက်တိုဘာ, 2026 👁 88

ထိုင်း- မြန်မာနယ်စပ်ဒေသ၊ သဲဖြူချောင်းတောင်ကြော၌ စစ်အုပ်စုတပ်စစ်ကြောင်းများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား တိုက်ပွဲများပြင်းထန်နေသော်ငြား ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်နေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ဖလူး- ဝေါလေလမ်းပိုင်း၊ သဲဖြူချောင်းဘက်မှတဆင့် ဆုံဆည်းမြိုင်ဘက်သို့ ဝင်ရန် ကြိုးစားနေသည့် စစ်အုပ်စု တပ်ကို KNLA ပူးပေါင်းတပ်များက ဖြတ်တောက်တိုက်ခိုက်မှုများ ပြုလုပ်နေ၍ အောက်တိုဘာ ၂ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။ မြဝတီတောင်ဘက် တိုက်ပွဲများအတွင်း လေကြောင်းပစ်ကူကို အားထားနေရသည့် စစ်အုပ်စုတပ်က ယမန်နေ့တွင်လည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းရှိသည်။

“အခြေအနေကတော့ နေ့စဉ်နဲ့အမျှ ထိတွေ့မှုတွေ ရှိနေပါတယ်။ လေယာဉ်က မနေ့ကတောင် လာသွားသေးတယ်။ သူတို့သုံးနေကျနည်းလမ်းပဲဆိုတော့လေ အကျအဆုံးများရင် လေယာဉ်ကသုံးတာပဲ။ လေယာဉ်လာပြီဆို သိလိုက်တော့ သူတို့ ထိတာများလို့ပဲ။ သူတို့ အခုထိတော့ ရှေ့ဆက်မတိုးနိုင်သေးပါဘူး။​ ဒီဘက်ကတော့ မပြတ် ပိတ်ထားပါတယ်ဗျ” ဟု ဒေသတွင်း သတင်းရင်းမြစ်တရပ်က ပြောသည်။

မင်းလက်ပံ သတင်းရင်းမြစ်တရပ်က “ဖလူး-မင်းလက်ပံဘက်ကတော့ လက်နက်ကြီးတွေဆက်တိုက်ကျတယ်။ ရွာထဲတွေလည်းကျတယ်။ အင်ကြင်းမြိုင်တို့ (၂၇၅) တို့ကနေ လှမ်းလှမ်းပစ်တာ။ လေယာဉ်ကတော့ မနေ့ကအထိ လာတယ်။ သုံးရက်လောက်ရှိနေပြီ ဆက်တိုက်လာတာ နေ့ရောညရော သဲဖြူချောင်းဘက်ကို ကြဲတာ။ ဒီဘက်နဲ့ကျတော့ ဝေးတယ်” ဟု ပြောသည်။

ထိုသို့ သဲဖြူချောင်းအနီးတဝိုက် တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေသော်လည်း စစ်အုပ်စုတပ် ဦးတည်လာသည့် လမ်းကြောင်းပေါ်ရှိ တောင်နီ၊ ရွှေအေးမြိုင်၊ ဆုံဆည်းမြိုင်တို့မှ ကျားဖြန့်ငွေလိမ်လုပ်ငန်းများ ဆက်လက်လည်ပတ်လျက်ရှိနေပြီး ဝန်ထမ်းအသစ်ရှာခြင်းကိုလည်း မပြတ်လုပ်ဆောင်ကြလျက်ရှိနေသည်။

မဇ္ဈိမ၏ စောင့်ကြည့်ချက်အရ ကျားဖြန့်လုပ်ငန်းခွင်များအတွက် အလုပ်ခေါ်ရာတွင် အသုံးပြုလေ့ရှိကြသည့် တယ်လီဂရမ်မှ ချန်နယ်များအတွင်း ယနေ့အထိ ဆုံဆည်းမြိုင်၊ ရွှေအေးမြိုင်နှင့် တောင်နီတို့ရှိ ကျားဖြန့်လုပ်ငန်းခွင်များအတွက် အလုပ်ခေါ်စာများ မပြတ်တင်နေသည်ကို တွေ့ရသည်။

မြန်မာပြည်ဘက်ခြမ်း စစ်ရေးအခြေအနေများကြောင့် မြဝတီဘက်မှတဆင့် ထိုနေရာများသို့ ဆက်သွယ်ထားသည့် လမ်းကြောင်းများပိတ်ထား၍ ကျားဖြန့်လုပ်ငန်းခွင်များသို့ အလုပ်သမားအသစ်များပို့ရာ၌လည်း ထိုင်းနိုင်ငံဘက်ခြမ်း နယ်စပ်လမ်းကြောင်းမှတဆင့် သွားလာနေကြကြောင်းလည်း မဇ္ဈိမက စုံစမ်းသိရသည်။

စစ်အုပ်စုတပ်က ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်လာသည့် အွန်လိုင်းငွေလိမ် လောင်းကစား လုပ်ငန်းများအား လုံးဝသည်းခံခွင့်လွှတ်၍ မရသော ရာဇဝတ်မှုများအဖြစ် သတ်မှတ်၍ နှိမ်နင်းနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် ပြောကြားထားသည်။

စစ်အုပ်စုတပ်က ကျားဖြန့်လုပ်ငန်းများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းကစ၍ နှိမ်နင်းမှုများ ပြုလုပ်နေသည်ဟု ဆိုသော်ငြား ထိုနှိမ်နင်းမှုများ၏ နောက်ပိုင်း ကျားဖြန့်လုပ်ငန်းများမှာ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်တကြော၌သာမက ပြည်တွင်းဒေသများအထိပါ ပျံ့နှံ့လျက်ရှိနေသည်။

တဖက်တွင်လည်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်တောင်ဘက်ခြမ်းဒေသကို အပြည့်အဝ ပြန်လည်စိုးမိုးနိုင်ရေး စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်နှင့် KNLA ပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေပြင်းထန်နေသည်မှာ အချိန်အားဖြင့် တနှစ်ခန့်ရှိလာပြီဖြစ်ပြီး စစ်အုပ်စုတပ်အနေဖြင့် လေကြောင်းပစ်ကူများ၊ လေကြောင်းမှ ပြုလုပ်ပေးသည့် ထောက်ပို့များကိုသာ အားထားနေရသည်။

တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးမှုများနေသလို တော်လှန်ရေးအင်အားစုများထံ ဘက်ပြောင်းခိုလှုံမှုများလည်း မကြာခဏရှိနေကြောင်း ထိုတိုက်ပွဲများတွင် ပါဝင်သည့် KNLA ပူးပေါင်းတပ်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

မဇ္ဈိမ