မြန်မာတွင် ၁ နှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် လူပေါင်း ၆၀ နီးပါးသေဆုံး

By MPM 8 အောက်တိုဘာ, 2026 👁 61

မြန်မာတွင် ၂၀၂၅ ခုနှစ် ၊ ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ တနှစ်တာကာလအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူ ၂၃၀ ဦးရှိပြီး ထိုအထဲတွင် ၅၇ ဦးသေဆုံးကာ ၁၇၃ ဦးက ဒဏ်ရာများ ရရှိခဲ့ကြောင်း Myanmar Witness ၏ အစီရင်ခံစာအရ သိရသည်။

အဆိုပါကာလအတွင်း မြို့နယ်ပေါင်း ၅၆ မြို့နယ်တွင် မြေမြှပ်မိုင်းနင်းမိမှုဖြစ်စဉ် ၁၅၀ အပါအဝင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများ (ERW) ပေါက်ကွဲမှုဖြစ်စဉ်ပေါင်း ၁၇၀ ရှိကြောင်း သိရသည်။

ထိုဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ၏ ၄၅ ရာခိုင်နှုန်းဖြစ်သည့် လူ ၇၇ ဦးမှာ ခြေလက်များဖြတ်တောက်ခဲ့ရကြောင်းလည်း အစီရင်ခံစာတွင် ဆိုထားသည်။

မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများ (ERW) ၏ အန္တရာယ်သည် တိုက်ပွဲဖြစ်ပွားရာဒေသများတွင်သာမက လမ်းဘေး၊ အိမ်အနီးအနား၊ စိုက်ပျိုးခြံ၊ ဘုန်းကြီးကျောင်းနှင့် ဈေးဧရိယာများကဲ့သို့ နေ့စဉ်လူမှုဘဝ၏ အခြားနေရာအသီးသီးတွင်ပါ အရပ်သားများအပေါ် ဆက်လက်သက်ရောက်နေကြောင်း Myanmar Witness က အစီရင်ခံစာတွင် ပြောသည်။

“ဒီလက်နက်တွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဟာ မူလပေါက်ကွဲမှုဖြစ်စဉ်ထက်မက ပိုမိုကျယ်ပြန့်ပါတယ်။ လူအများ အသက်ဆုံးရှုံးရသလို၊ အတော်များများလည်း ပြင်းထန်စွာ ဒဏ်ရာရရှိကြပြီး ရေရှည်မသန်စွမ်းမှုနဲ့ စောင့်ရှောက်မှု လိုအပ်ချက်တွေကို ရင်ဆိုင်ကြရပါတယ်” ဟု ဆိုသည်။

အဆိုပါ မိုင်းအန္တရာယ်သည် အရပ်သားများ၏ နေ့စဉ်ဘဝနေရာများတွင် အများဆုံးဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

လမ်းနံဘေးအပါအဝင် အများပြည်သူဆိုင်ရာနေရာများတွင်ဖြစ်ပွားမှု ၈၉ မှု၊ လူနေရပ်ကွက်နှင့် ရပ်ရွာပတ်ဝန်းကျင်တွင် ၄၄ မှု၊ စစ်ဘက်ဆိုင်ရာနေရာများအနီးတွင် ၁၉ မှုနှင့် လယ်ယာစိုက်ခင်းများအတွင်းတွင် ၁၈မှုဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုအများဆုံး ဒေသများမှာ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ဖြစ်ကြောင်းလည်း သိရသည်။ ထိုအထဲတွင် ရှမ်းပြည်နယ်သည် ထိခိုက်သေဆုံးမှုအများဆုံးဖြစ်ပြီး သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း ဆိုသည်။

မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူများထဲတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်များပါဝင်ပြီး ကလေးများပါဝင်သည့် ဖြစ်စဉ်အချို့တွင် စစ်ကျန်ပေါက်ကွဲစေတတ်သည့်ပစ္စည်းများကို ကစားစဉ် သို့မဟုတ် ကိုင်တွယ်စဉ် ထိခိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း ပါရှိသည်။

ထို့ကြောင့် လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကြံပြုချက်များအနေဖြင့် ဖြစ်စဉ်အများဆုံးဖြစ်ပွားနေသည့် မြို့နယ်များနှင့် အများပြည်သူဆိုင်ရာနေရာများတွင် OSINT နည်းပညာဖြင့် အချက်အလက်များ စဉ်ဆက်မပြတ်စုဆောင်းရန်၊ ကလေးငယ်များနှင့် နေရပ်ပြန်ပြည်သူများအတွက် သင့်လျော်သော ဒေသန္တရအခြေပြုမိုင်းအန္တရာယ်သတိပေး၊ အသိပညာပေးရေးသင်တန်းများတိုးချဲ့ဖွင့်လှစ်ရန်နှင့် ခြေလက်ဖြတ်တောက်ခံရသူများအတွက် ရေရှည်ထူထောင်ရေးအကူအညီများပေးရန် Myanmar Witness က အကြံပြုထားသည်။

မဇ္ဈိမ