မိုးမိတ်မြို့အနီး KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်တပ် တိုက်ပွဲပြင်းထန်၊ လေကြောင်းဗုံးကြောင့် ဒေသခံတိမ်းရှောင်ရ

By Staff 29 စက်တင်ဘာ, 2026 👁 134

သျှမ်းပြည် မိုးမိတ်မြို့အနီးရှိ စစ်တပ်ဗျူဟာ စခန်းကုန်းကို ကချင်လွတ်လပ်ရေးတပ် KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် မိုးမိတ်မြို့အနီးရှိ ရွှေမြင်တင် စေတီကုန်း၌ တပ်စွဲထားသည့် စစ်တပ်ဗျူဟာကို ကချင်လွတ်လပ်ရေးတပ် KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းနှင့်တကွ စခန်းသိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ထို့နောက်တွင် စစ်တပ်ဘက်မှ ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲပြီး ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ခြင်းကြောင်း မိုးမိတ်မြို့အနီးရှိ ရွှေမြင်တင်နှင့် ညောင်နီကျေးရွာအုပ်စုမှ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မိုးမိတ်ဒေသခံ အမျိုးသားတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က လေယာဉ်နဲ့ နှစ်ခါ ဗုံးလာကြဲသွားတယ်။ ဒီမနက်ထိလည်း ရွာနားမှာ သေနတ်သံကြားရလို့ ညောင်နီကလူတွေ ထွက်ပြေးနေရပြီ၊ ရွှေမြင်တင် ဘုရားကုန်းဘက်ကတော့ အားလုံးနီးပါး ရှောင်ကုန်ပြီ” ဟု အသက် (၄၀) ကျော်အရွယ် အဆိုပါ မိုးမိတ်ဒေသခံ အမျိုးသားက ပြောသည်။

KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်သည့် ရွှေမြင်တင်စေတီကုန်းရှိ စစ်တပ်ဗျူဟာကို ပြန်လည်ရယူနိုင်ရန် အာဏာသိမ်းစစ်တပ်ဘက်မှ ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့လယ်ပိုင်းအထိ လေကြောင်းဖြင့် ဖိအားပေးတိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

မိုးမိတ်နှင့် မဘိမ်းမြို့နယ် အစပ်ရှိ မြစ်ဆုံကျေးရွာဘက်တွင်လည်း စစ်တပ်ဘက်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မိုးမိတ်-မိုးကုတ်လမ်းကိုလည်း နှစ်ဘက်စလုံးမှ သွားလာခွင့်ပိတ်ထားကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင်လည်း မိုးမိတ်မြို့အပြင်ဘက်ရှိ KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၄) နှင့် အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ဖြစ်ပြီး နှစ်ဖက်ထိခိုက်မှု များကြောင်း မိုးမိတ်မြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးမိတ်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ကာလအတွင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက်ထိန်းချုပ်ခဲ့သော်လည်း မိုးကုတ်မြို့နှင့်အတူ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ၏ ဖိအားပေးမှုများအပြီး TNLA က စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

သျှမ်းသံတော်ဆင့်