စစ်တွေရှိ အာဏာသိမ်းစစ်တပ်၏ အမာခံစခန်းတချို့ ဆက်လက်တိုက်ခိုက်ခံရ

By MPM 9 အောက်တိုဘာ, 2026 👁 40

အာရက္ခတပ်တော် (AA) ကအောက်တိုဘာ ၆ ရက်နေ့ ညအချိန်မှစပြီးအဆိုပါ အမာခံစခန်း ၃ ခုကို  စတင် ထပ်မံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ပြင်းထန်စွာဖြစ်ပွားနေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို အတည်ပြုပြောဆိုသည်။

” အဓိက စစ်တပ်က ရှေ့တန်းအမာစခန်းတွေကို AA ဖက်က ဝင်တိုက်တာ။ တိုက်ပွဲကအခုအထိပြင်းနေတယ်။ လတ်တလောသိရတာက စစ်တပ်ဖက်က အထိနာလို့ ကျောက်တော်၊ ပုဏ္ဏားကျွန်း ကွမ်းတောင်ဖက်ကို တညလုံးဗုံးကြဲတယ်။ဝီရဌာနီက နေရာအချို့ကိုလည်း ဗုံးကြဲတာတွေ လုပ်နေပါတယ်” ဟု ပြောသည်။

လက်ရှိ အာရက္ခတပ်တော်က တိုက်ခိုက်နေသော နေရာများမှာ စစ်တွေမြို့နယ်အတွင်းမှ စစ်တပ် တပ်ရင်းများ အနီးတွင် ဖြစ်ပွားနေပြီး မြေပြင်တိုက်ပွဲများမှာပုဏ္ဏားကျွန်းမြို့နယ်ကိုကျော်လွန်ကာစစ်တွေမြို့နယ်အတွင်း ရောက်ရှိသွားပြီဟု ဆိုသည်။

တိုက်ပွဲအတွင်းက လက်နက်ကြီးသံများကိုသာမက လက်နက်ငယ်များပစ်ခတ်သံများကိုပါ စစ်တွေမြို့ပေါ်ကနေ ကြားနေရပြီး တိုက်ပွဲထဲက အသံများကို ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကနေကြားနေရသည်ဟုဒေသခံများကပြောသည်။

စစ်တွေမြို့မှာ တိုက်ပွဲနေရာကျယ်ပြန့်လာပြီး လက်နက်ပစ်ခတ်သံများကို မြို့ပေါ်ကပါ ကြားနေရ၍ မြို့ခံများ လက်နက်ကြီးကျည်ကျမည်ကို စိုးရိမ်နေရသည်ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

“တညလုံးလက်နက်သံပြိုပါတယ် ကြားရတာ။ ညဖက် ကောင်းကောင်းအိပ်မပျော်ဘူး။ လက်နက်ကြီးများကျလာမလား စိုးရိမ်ရတယ်” ဟု ပြောသည်။

လက်ရှိတိုက်ပွဲအတွင်းမှာ ကာကင်းစခန်းတချို့ကို စစ်ကောင်စီလက်လွတ်ထားရပြီဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသော်လည်း နိရဉ္စရာအနေဖြင့် အတည်ပြုရန် စုံစမ်းနေဆဲဖြစ်သည်။

မြန်မာစစ်တပ်သည် စစ်အင်အား၊ လက်နက်အင်အား‌အများအပြားကို ကားများဖြင့် ရွှေမင်းဂံနေဗီတပ်အပါအဝင် စစ်တွေ – ရွှေမင်းဂံ လမ်းပေါ်ရှိ ကျေးရွာများတွင်လည်း အင်အားဖြန့်ကျက်ထားကြောင်း ဒေသခံများကပြောသည်။

နိရဉ္စရာ