ဧရာဝတီတိုင်း၊ ပုသိမ်ထောင်တွင်းမှာ ဖမ်းထားသည့် နိုင်ငံရေးအကျဉ်းသား ၈ ဦးကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့သည့်အပြင် နှစ်ရှည်နိုင်ငံရေး အကျဉ်းသားအချို့ကိုလည်း ပြစ်ဒဏ်ထပ်ထိုးချမှတ်ခဲ့သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။
ပုသိမ်ထောင်ထဲတွင် နှစ်ရှည်ထောင်ဒဏ် ချခံနေရသော နိုင်ငံရေးအကျဉ်းသား မြို့ခံ ကဗျာဆရာ လူဖန်ခါး (ကိုထက်လင်းစိုး) ကို စစ်ကောင်စီ ၏ ထောင်တွင်းတရားရုံးက ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်ရာ စုစုပေါင်း ထောင်ဒဏ် ၂၈ နှစ် ၆ လ ကျချရမည်ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။
တရားလွှတ်တော် ရှေ့နေတစ်ဦးက “ကျန်နေသေးတဲ့ ပုဒ်မ ၅၀၅ အမှုတစ်မှုအတွက် ထောင် ၂ နှစ် ထပ်ချလိုက်တာပါ။ နောက်အမှုတွေ မရှိတော့ဘူး။ အမှုအားလုံး ပြတ်သွားပါပြီး။ ကနဦး အမိန့်ချထားတာတွေနဲ့ဆို ၂၈ နှစ် ၆ လ ပါ” ဟု ပြောသည်။
နိုင်ငံရေးအကျဉ်းသား ကဗျာဆရာ လူဖန်ခါး (ကိုထက်လင်းစိုး) ကို စစ်ကောင်စီ၏ ပုသိမ်ထောင်တွင်းတရားရုံးက ပြီးခဲ့သည့် စက်တင်ဘာလနှင့် နိုဝင်ဘာလတို့တွင် ပုဒ်မ ၅၀၅ ဖြင့် ၃ မှု၊ ပုဒ်မ ၁၂၂၊ ၁၂၄၊ ၃၃၂ တို့ဖြင့် ၁ မှုစီ၊ ပုဒ်မ ၂၅ ဖြင့် ၂ မှု စသည့် အမှု ၈ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် အမိန့်ချခဲ့ပြီး ဖြစ်သည်။
ထို့အပြင် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်လည်း ပုသိမ်ထောင်အတွင်း ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၈ ဦးကို စစ်ကောင်စီ၏ ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့သည်။
အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက “အကြမ်းဖက် ပုဒ်မ ၅၂ – က နဲ့ ထောင် ၅ နှစ်စီချလိုက်တာ။ ပုသိမ်က ၇ ယောက်၊ ငပုတောက တစ်ယောက်ပါ” ဟု ပြောသည်။
ထောင်ဒဏ် ၅ နှစ် ချခံရသူများမှာ ပုသိမ်မြို့ခံများဖြစ်သည့် ကဗျာဆရာ လူစစ်နိုင် (ခေါ်) တင်ကိုထက် (ခေါ်) ကိုဂေး၊ ကိုရဲလင်းထက် (ခေါ်) သားပု၊ ကိုထွန်းလင်းဦး၊ ကိုချစ်စန်းမောင်၊ ကိုဇော်မင်းထွန်း (ခေါ်) မောင်ဇော်၊ ကိုဇင်လင်းထိုက် (ခေါ်) တွတ်နီ၊ ဦးထွန်းအေးနှင့် ငပုတောမြိုနယ်က ကိုဇော်လှိုင်ဦး (ခေါ်) မင်းမင်းတို့ ဖြစ်ကြသည်။
စစ်ကောင်စီ၏ တရားသူကြီးနှင့် ဥပဒေအရာရှိက ၎င်း ၈ ဦး အား NUG၊ CRPH၊ PDF များနှင့် ပတ်သက်ဆက်နွယ်သည်ဟု စွဲချက်တင်ကာ အမိန့်ချလိုက်ခြင်းဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူများက ပြောသည်
ပုသိမ်မြို့ခံ တစ်ဦးက “စစ်ကောင်စီက နိုင်ငံတက်ကြွလှုပ်ရှားသူတွေကို ပြန်လွှတ်တာနည်းတယ်။ ဖမ်းပြီး ထောင်ချတာကများတယ်။ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ သူတွေကိုတော့ ဖမ်းပြီးရင် ပိုက်ဆံတောင်းပြီးတော့ ပြန်လွှတ်တယ်။ လုပ်ငန်းရှင်အချို့ဆိုရင် အမှုဆင်လုပ်ကြံပြီးဖမ်းတယ်။ အကြပ်ကိုင် ငွေတောင်းပြီးမှ ပြန်လွှတ်ပေးတာတွေရှိတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့ အမျိုးသားနေ့တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ဖြင့် ပုသိမ်ထောင်တွင်း ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအနက် အမျိုးသမီးတစ်ဦးအပါအဝင် ၄၆ ဦးသာ ပြန်လွတ်ခဲ့သည်ဟု ဒေသတွင်းရှိ အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။
ပုသိမ် အကျဉ်းထောင်အတွင်း ပုသိမ်ခရိုင် ၇ မြို့နယ်က နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော်ရှိနေပြီး ထောင်တွင်းတရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ်ပြီးဖြစ်သည့် နိုင်ငံရေးအကျဉ်းသား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း အယောက် ၁၉၀ နီးပါး ရှိလာပြီဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ဆိုသည်။
NMG – ပေးပို့သည်။