ပလက်ဝမြို့နယ်က စစ်ကောင်စီ ဂိတ်စခန်းတစ်ခုကို CDF-Paletwa က ဝင်ရောက်တိုက်ခိုက်

By MPM 19 ဒီဇင်ဘာ, 2022 👁

ချင်းပြည်နယ် ပလက်ဝမြို့နယ် ဘွေလီကျေးရွာက စစ်ကောင်စီ ဂိတ်စခန်းတစ်ခုကို CDF ပလက်ဝက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု CDF ပလက်ဝ၏ ဒီဇင်ဘာ ၁၇ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ (၁၆) ရက် နံနက် (၇) နာရီအချိန်က ပလက်ဝ-မတူပီ နယ်စပ်မှာ စစ်ကောင်စီစခန်းချထားသော ဘွေလီဂိတ်စခန်းကို CDF ပလက်ဝက စတင်ဝင်ရောက်ပစ်ခတ်ခဲ့ရာကနေ (၁၅) မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်မှာပါရှိသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက် (၂) ဦးသေဆုံး၊ (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး CDF ပလက်ဝရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်က လက်နက်ကြီးများ ပြန်လည်ပစ်ခတ်မှုကြောင့် ဘွေလီကျေးရွာနှင့် တွီဆော့ကုန်းကျေးရွာနေပြည်သူများ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရသည်ဟု CDF-Paletwa က သတင်းထုတ်ပြန်ထားသည်။

KMG – ပေးပို့သည်။