ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း တကြော့ပြန်တိုက်ပွဲများကြောင့်အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့် ဆောင်းပြောင်းကျေးရွာမှ ဒေသခံများသည် ရွာလုံးကျွတ် ထပ်မံတိမ်းရှောင်နေကြရကြောင်း ပအိုဝ်းလူငယ်အဖွဲ့အစည်းထံက သိရသည်။
ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO တပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား မြေပြင်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ကစပြီး ဒေသခံများ တိမ်းရှောင်ကြရခြင်းဖြစ်သည်ဟု ပအိုဝ်းလူငယ်အဖွဲ့အစည်း၏ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“ပင်လောင်း ဆောင်းပြောင်းဘက်ပေါ့နော်၊ တကြော့ပြန်တိုက်ပွဲ ပြန်ဖြစ်နေတယ်လေ။ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကစပြီး ပြန်ဖြစ်တယ်။ မြေပြင်တိုက်ပွဲတွေပြင်းထန်တော့ စစ်ကောင်စီဘက်တွေက လက်နက်ကြီးတွေ လေကြောင်းတွေ တအားသုံးတာပေါ့နော်။ ဆိုတော့ ဆောင်းပြောင်းဒေသခံတွေအနေနဲ့ တိုက်ပွဲစဖြစ်တဲ့ ၁၇ ရက်နေ့ မနက်မှာပဲရှောင်ကြတယ်။ အခုတော့ ရွာလုံးကျွတ် တိမ်းရှောင်နေရတယ်” ဟု ပအိုဝ်းလူငယ်အဖွဲ့အစည်း တာဝန်ရှိသူက ပြောသည်။
ဆောင်းပြောင်းဒေသခံများသည် ပင်လောင်းမြို့ပေါ်နှင့် ပင်းလောင်းအနီးတဝိုက်က ကျေးရွာများတွင် ခိုလှုံနေကြရသည်ဟု ၎င်းက ဆိုသည်။
ဒေသခံလူထုသည် စစ်ရှောင်ရသည့် အတွေ့အကြုံရှိသော်လည်း လက်ရှိ၌ ရုတ်ချည်း ထပ်မံတိမ်းရှောင်ကြရ တာကြောင့် လိုအပ်ချက်များပြားနေပြီး အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း အဆိုပါ ပအိုဝ်းလူငယ်အဖွဲ့အစည်း၏ တာဝန်ရှိသူက ယခုလို ဆက်ပြောသည်။
“လူထုတွေက မနှစ်ကတိမ်းရှောင်ကြတဲ့ အတွေ့အကြုံရှိပေမဲ့ အခုက မထင်မှတ်ပဲ တိုက်ပွဲပြန်ဖြစ်တဲ့ ပုံစံဖြစ်နေတော့ လူထုတွေက ဆန်၊ ဆီ၊ ဆားကအစ မသယ်မိလိုက်တာတွေ ရှိတာကိုတွေ့ရတယ်။ အဲ့ဒါ တိမ်းရှောင်လာကြတဲ့ စစ်ရှောင်တွေကတော့ ထမင်းဟင်းချက်ဖို့ အိုးခွက်ပန်းကန်ကအစမပါလာတာ လိုအပ်နေကြတာရော မြင်တွေ့နေရတယ်ပေါ့နော်” ဟု ၎င်းကပြောဆိုသည်။
ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ကစပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်၊ ပြည်သူ့စစ် PNO တပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံတို့ထံက သိရသည်။
ဆောင်းပြောင်းကျေးရွာနှင့် အနီးအနားကျေးရွာများသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လအတွင်းကစပြီး ရက်ရှည်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ၌ ရွာလုံးကျွတ်တိမ်းရှောင်ခဲ့ကြရပြီး လက်ရှိ၌ နောက်တကြိမ် ထပ်မံ တိမ်းရှောင်နေကြရခြင်းလည်း ဖြစ်သည်။
ကန္တာရ၀တီတိုင်း(မ်) – ပေးပို့သည်။