နိုင်ကျဉ်း ၄ ဦးကို နှိပ်စက်ခြင်းကြောင့် ပုသိမ်အကျဉ်းထောင်အတွင်း ထောင်ဆူ

By MPM 9 ဇန်နဝါရီ, 2023 👁

နှစ်ရှည် ထောင်ကျနေသော နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ထောင်ညွှန်ကြားရေးမှူးနှင့်အဖွဲ့က နှိပ်စက်ညှင်းပန်းသဖြင့် ပုသိမ်အကျဉ်းထောင်တွင်း ဆန္ဒပြဖြစ်ပွားရာ ရဲနှင့် ထောင်အုပ်ချုပ်ရေးအဖွဲ့က သေနတ်၊ လေးဂွတို့ဖြင့် ပစ်ခတ်ဖြိုခွင်းပြီး လူစုခွဲခဲ့ရသည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။

ဇန္နဝါရီလ ၆ ရက်နေ့ (ယမန်နေ့) နံနက် ၉ နာရီဝန်းကျင် အချိန်က ပုသိမ်အကျဉ်းထောင်တွင် ဆူပူဆန္ဒပြမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ၁၀ နာရီကျော်အချိန်ခန့်တွင် ပြီးစီးသွားသည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ထောင်ဝင်စာပို့သည့် အမျိုးသမီးတစ်ဦးက “အထဲက အော်ဟစ်သံတွေ အပြင်က ကြားရတယ်။ မိန်းဂျေးပေါ်ကနေ သေနတ်နဲ့ ၄ ချက် မိုးပေါ်ထောင်ပစ်တာထင်တယ်။ ကျည်ဆံတွေက အပြင်မှာလည်း ကျတယ်။ အထဲက ထောင်သားတွေကိုတော့ လောက်လေးဂွနဲ့ ပစ်ကြတယ်လို့ သိရတယ်။ ကျမတို့လည်း ထောင်ဝင်စာ ပို့ခွင့်မရတော့ဘူး“ ဟု ပြောသည်။

ထောင်ဒဏ် ၁၀ နှစ်နှင့် နှစ် ၂၀ ကျော်အကြား ထောင်ကျနေပြီး ပုသိမ်မြို့ခံများလည်း ဖြစ်သည့် နိုင်ငံရေးအကျဉ်းသား ကိုဝင်းထွန်းနိုင် (ခေါ်) ဧရာဝတီခေါလေး၊ ကိုဖိုးလပြည့်၊ ကိုမဲကြီးနှင့် နောက်တစ်ဦးတို့ကို ညွှန်ကြားရေးမှူးနှင့်အဖွဲ့က လက်ကိုင်ဖုန်း ထောင်ထဲကို သွင်းသည်ဟုစွပ်စွဲပြီး ဇန္နဝါရီလ ၅ ရက်နေ့ညက တညလုံး ရိုက်နှက်နှိပ်စက်ကြခဲ့ကြသည်ဟု ပုသိမ်အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူအချို့က ပြောသည်။

ရိုက်နှက်ခံရသူ ၄ ဦးကို မူလအိပ်ဆောင်သို့ ပြန်မပို့ဘဲ အိပ်ဆောင် ၆ တွင် ခွဲချုပ်နှောင်ထားရာ ကျန်နိုင်ငံရေးအကျဉ်းသားများအား သွားရောက်တွေ့ဆုံခွင့်မပြုသဖြင့် တွေ့ဆုံခွင့်ပေးရေးနှင့် အဖြစ်အပျက်မှန် ဖေါ်ထုတ်ပေးရန်အတွက် ဆန္ဒပြရာမှ ထောင်တွင်း ဆူပူမှုဖြစ်ပွားခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

ထောင်ဆူပူမှုမှာ အိပ်ဆောင် ၁ နှင့် အိပ်ဆောင် ၂ က နိုင်ငံရေး အကျဉ်းသား ၂၅ ဦးကျော်ကို ထောင်ကျရာဇဝတ် အကျဉ်းသားများဖြင့် ဖွဲ့စည်းထားသော ထောင်စည်းကမ်း ထိမ်းသိမ်းရေးအဖွဲ့က ရိုက်နှက်ပြီး ထောင်အာဏာပိုင်အဖွဲ့က စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူအချို့က ဆိုသည်။

ပုသိမ်ထောင်က လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသည့် အကျဉ်းသားဟောင်းတစ်ဦးက “ညွှန်မှူးက မူးလာရင် ပြဿနာအရမ်းရှာတဲ့သူ တကယ်တော့ ဖုန်းအပါအဝင် တားမြစ်ပစ္စည်းတွေ ထောင်ထဲကို သွင်းလို့ရတာက သူက တပည့်တွေမွေးပြီး လုပ်စားနေတာလေ။ ပြီးတော့ ဖုန်းရှိနေတဲ့သူတွေကိုခေါ်ပြီး ဖုန်းသိမ်းတယ်။ နောက် အမှုထပ်မတပ်ဖို့ ငွေညစ်တယ်” ဟု ပြောသည်။

လက်အခြေအနေတွင် ပုသိမ်နယ်မြေ ရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ထောင်အတွင်းအထိ ဝင်ရောက်ကာ လုံခြုံရေးယူပေးထားပြီး ရာဇဝတ်မှုဖြင့် ထောင်ကျသော အကျဉ်းသားများဖြင့် ဖွဲ့စည်းထားသည့် ထောင်စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ဝင် အယောက် ၂၀ ခန့်ကို ဝါးရင်းတုတ်လက်နက် တပ်ဆင်ပေးထားသည်ဟု ထောင်ဝန်ထမ်းအချို့နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ပုသိမ် အကျဉ်းထောင်ထဲတွင် နှစ်ကြီးထောင်ကျ နိုင်ကျဉ်းများအပါအဝင် နိုင်ငံရေးအကျဉ်းသား အမျိုးသား/အမျိုးသမီး စုစုပေါင်း အယောက် ၆၀၀ နီးပါးခန့်ရှိနေပြီး အခြား ရာဇဝတ်မှု အကျဉ်းသားများပါ ပေါင်းပါက ၁၅၀၀ ဝန်းကျင်ခန့် ရှိနိုင်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

NMG – ပေးပို့သည်။