နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

By MPM 18 ဩဂုတ်, 2026 👁 45

သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ဝင်ရောက်တပ်စွဲထားကြောင်း စုံစမ်းသိရသည်။

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း နမ့်ခမ်းမြို့ ဒေသခံများပြောပြချက်အရ သိရသည်။

ထို့ကျေးရွာတစ်ခုတွင် TNLA တပ်ဖွဲ့ဝင် ၁၀ ဦးဝန်းကျင်ရှိကြောင်း သိရသည်။

“TNLA တပ်သားတွေရှိနေတော့ ပထမဆုံးအနေနဲ့ ဒေသခံတွေကတော့ လုံခြုံရေးအတွက် စိုးရိမ်ကြတယ်။ သူတို့လည်း အကြံတခုခုရှိရင်ရှိမယ်။ ရွာသားတွေကို စောင့်ကြည့်တာလည်း ဖြစ်နိုင်ပါတယ်။ အခုက ရွာထဲလက်နက်ကိုင်တွေရှိနေတော့ လူထုက စိတ်မလုံခြုံသလို ခံစားရတယ်” ဟု နမ့်ခမ်းမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာများသည် ကျေးရွာတစ်ရွာလျှင် အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

TNLA တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့်နေရာကို ဖြတ်သန်းသွားလာရသည့်အတွက် ဒေသခံများအနေဖြင့် စစ်ဆေးခံရမှုများရှိလာပြီး စစ်ဆေးရေးဂိတ်ကဲ့သို့နေရာများလည်း ပြုလုပ်ထားကြောင်း နမ့်ခမ်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“ဒေသခံတွေတော့ ရွာထဲ ဒီလိုလာပြီး တပ်ဆွဲတာကို သဘောမကျဘူး၊ ခွင့်မပြုဘူး။အလုပ်သွား၊လယ်ယာသွားတာကစ သူတို့ရှိတဲ့နေရာကို ဖြတ်သန်းသွားလာနေရတာ။ ပြီးတော့ ဒေသခံတွေအတွက် လွတ်လပ်မှုမရှိဘူးဆိုတာမျိုး ခံစားရတယ်။ ခုက ရုတ်တရက် ရွာထဲဝင်ပြီး ရှိတဲ့မြေကွက်အလွတ်တွေ၊ နေရာလွတ်တွေမှာ လာနေကြတာ” ဟု နမ့်ခမ်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယခင်က အဆိုပါကျေးရွာများအတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များ တပ်စွဲထားခြင်းမရှိဘဲ ယခုဩဂုတ်လမှ TNLA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အတွက် ဟုဆိုသော်လည်း ရွာအတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲထားခြင်းသည် ဒေသခံများအတွက် အဆင်မပြေကြောင်း ဒေသခံများက ပြောသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရန် လိုအပ်လျှင် ရှာဖွေစစ်ဆေးမှုများပြုလုပ်ခြင်း၊ ကျေးရွာအတွင်း လမ်းလျှောက်ကင်းလှည့်ပြီး လုံခြုံရေးယူခြင်း ဆောင်ရွက်နိုင်သော်လည်း ကျေးရွာအတွင်း တပ်စွဲနေခြင်းကို လက်မခံကြောင်း ဒေသခံများက ပြောသည်။

TNLA တပ်ဖွဲ့ဝင်များ ရွာအတွင်း တပ်စွဲနေခြင်းကြောင့် ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်ခံမည့်အခြေအနေကို စိုးရိမ်ရသည့်အပြင် ရိက္ခာနှင့် သောက်သုံးရေကိစ္စများအပေါ်လည်း စိုးရိမ်နေကြကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ (IHL) အရ ပဋိပက္ခတွင်ပါဝင်သည့် အဖွဲ့များသည် အရပ်သားများနှင့် အရပ်သားနေရာများကို ကာကွယ်ရန်နှင့် စစ်ရေးလှုပ်ရှားမှုများကြောင့် အရပ်သားထိခိုက်မှုကို လျှော့ချရန် တာဝန်ရှိသည်။

စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ရာတွင်လည်း အရပ်သားများ ထိခိုက်မှုမရှိစေရန် အမြဲတမ်း ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။

သျှမ်းသံတော်ဆင့်