အာရက္ခတပ်တော် ဝိုင်းဝန်းပိတ်ဆို့ထားသော နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာသို့ စစ်ကူတက်လာသော အကြမ်းဖက် မြန်မာစစ်တပ်မှ စစ်ကြောင်းတစ်ခုသည် အာရက္ခတပ်တော် (AA) ၏ ကြားဖြတ်ချေမှုန်းတိုက်ခိုက်မှုကြောင့် ဗိုလ်အဆင့်အရာရှိများအပါအဝင် စစ်သား ၆၀ ခန့်သေဆုံးကာ ဒဏ်ရာစစ်သားအများအပြားဖြင့် နောက်ဆုတ်သွားကြောင်း သတင်းရရှိသည်။
ဒေသတွင်းစစ်ရေးရင်းမြစ်တစ်ခုက “မနေ့ကနေ့လယ်မှာ နတ်ရေကန်ဘက်ကို တောင်ပေါ်လမ်းအတိုင်း တက်လာတာပါ။ အင်အား ၁၈၀ လောက်ပါတယ်။ ဂုတ်ကြီးရွာအကျော်မှာ AA က တခါတည်းဝိုင်းတိုက်လိုက်တာ။ တိုက်ပွဲက အရမ်းပြင်းထန်ခဲ့တယ်။ စစ်တပ်က အယောက် ၆၀ လောက်ကျတယ်လို့ သိရပါတယ်” ဟု ပြောသည်။
တိုက်ပွဲအတွင်း ဗိုလ်ပါအဆင့်ရှိသူများအပါအဝင် စစ်သားအလောင်းအနည်းကို လေကြောင်းပစ်ကူ၊ စစ်ကြောင်းတပ်ကူများဖြင့် ဆွဲထုတ်ကာ ကား ၂ စီးဖြင့် ပဒါန်းမြို့နယ်ဆုံကုန်းအနီးရှိ မစခ ၉၀၅ သို့ သယ်ဆောင်သွားရသည်ဟု ပြောသည်။
၎င်းအင်အား ၁၈၀ ခန့်ပါသော အာဏာသိမ်းစစ်ကြောင်းသည် ယမန်နေ့ နေ့လယ်က အမ်း-ပဒန်းလမ်းသစ် ဂုတ်ကြီးရွာဝန်းကျင်အကျော်ကို ထိုးစစ်ဆင်လာခဲ့ပြီးအာရက္ခတပ်တော်က နေရာကောင်းမှ အသင့်စောင့်ဆိုင်းပြီး ကြားဖြတ်ဆီကြိုတိုက်ခိုက်ရာမှ ယခုလို အစုလိုက်အပုံလိုက် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းစစ်ရေးသတင်းရင်းမြစ်က နိရဉ္စရာကို ဆက်လက်ပြောဆိုသည်။
၎င်းပြင် အလောင်းနှင့် လက်နက်ခဲယမ်းများကို အာရက္ခတပ်တော်က သိမ်းပိုက်ရရှိခဲ့ဟု သိရသည်။
“လက်နက်ခဲယမ်းနဲ့ အလောင်းအချို့ကို AA က သိမ်းလို့ရတယ်။ တချို့လက်နက်တွေ၊ အလောင်းတွေကို စကစပြန်သိမ်းလို့ရသွားတယ်။ စစ်တပ်က စစ်ကူလိုက်လာပြီး ဆွဲထုတ်တယ်။ လက်နက်ကြီးပစ်ကူအပါအဝင် လေယဉ်ပစ်ကူပေးပြီး ဆွဲထုတ်သွားခဲ့တယ်” ဟု ပြောဆိုသည်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ နတ်ရေကန်ကို ထိုးဖောက်နိုင်ရန် အင်အားထောင်ချီတဲ့ တပ်ဖွဲ့ဝင်တွေကို စုဆောင်းထားပြီး ယမန်နေ့က ဇင်ပြွန်း လက်နက်ကြီးအထိုင်စခန်းကနေ လမ်းဟောင်း ပဇီ၊ လမ်းသစ် ဂုတ်ကြီးထိ တပ်ဖြန့်ထားပြီး ပြန်လည်စစ်ကြောင်းထိုးလာရာ AA က ပထမပွဲဦးထွက်စစ်ဦးကို အပြီးသတ်ချိုးကာ တိုက်ထုတ်နိုင်ခဲ့သည်ဟာ ၎င်းစစ်ရေးရင်းမြစ်က ပြောသည်။
အဆိုပါတိုက်ပွဲသတင်းနှင့်ပတ်သက်ပြီး အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါသည်။
နိရဉ္စရာ