ကရင်နီပြည်နယ် ဒီးမော့ဆို အရှေ့ဘက်ခြင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) တပ်ရင်း ၉ တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ထက်မနည်း ထိခိုက်သေဆုံးနိုင်သည်ဟု KNDF က ထုတ်ပြန်သည်။
ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း၊ စံပြ ၆ မိုင် တိုက်နယ်ရှိ ဘက်သလိန်ကျေးရွာနှင့် ဝမ့်လထွားကျေးရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာရမှ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ခြင်းဖြစ်သည်။
အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများနှင့် KNDF တပ်ရင်း ၉ တို့ ၃ ကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အယောက် ၃၀ ထက်မနည်း ထိခိုက်သေဆုံးနိုင်သည်ဟု KNDF တာဝန်ရှိသူများက ပြောသည်။
KNDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “မြေပြင်ရဲဘော်တွေရဲ့ မျက်မြင်ပြောပြချက်အရ ကျနော်တို့ သိရတယ်။ အဓိက ထိခိုက်တာပဲပေါ့။ သေဆုံးတာ ဟုတ် မဟုတ်တော့ ကျနော်တို့ မပြောတတ်ဘူး။ ဒါပေမယ့် ထိခိုက်တာတော့ အယောက် ၃၀ နီးပါးရှိတယ်ဆိုတာတော့ ကျနော်တို့ ပြောလို့ရတယ်” ဟု ပြောသည်။
ထိုတိုက်ပွဲ ၃ ကြိမ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် တရက်တည်း ၃ ကြိမ် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် ၎င်းတို့ အထိနာသောကြောင့် ဘက်သလိန်ကျေးရွာနှင့် ဝမ့်လထွားကျေးရွာတွင် လူနေအိမ်များနှင့် အသုံးအဆောင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု KNDF တာဝန်ရှိသူများက ပြောသည်။
သို့သော် ထိခိုက်ပျက်စီးမှု အရေအတွက်နှင့်ပတ်သက်၍ KNDF အနေဖြင့် လတ်တလော အတည်ပြု၍မရသေးဘူးဟု ပြောသည်။
ယခုတိုက်ပွဲဖြစ်ပွားသည့် ကျေးရွာ ၂ ရွာထဲတွင် ရွာခံများ စစ်ဘေးရှောင်သွားသည်မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၆ မိုင်တွင် တိုက်ပွဲဖြစ်ပွားကတည်းကဖြစ်၍ ၂ နှစ်နီးပါးကြာပြီဟု ဆိုသည်။
ထို့ကြောင့် အဆိုပါ ကျေးရွာများတွင် လူသူကင်းမဲ့နေ၍ အရပ်သားထိခိုက်မှု မရှိနိုင်ဘူးဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အဖွဲ့များက ပြောသည်။
စစ်ကောင်စီတပ်များဘက်မှ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့အခြေစိုက် အမြှောက်တပ်က ၁၂၀-မမ လက်နက်ကြီးဖြင့် ၃ ကြိမ်အထိ ပစ်ကူခဲ့ပြီးနောက် ၎င်းတို့၏ ရမ်းသန်းပစ်ခတ်မှုများကြောင့် ဒေါစဲကျေးရွာဘက်သို့ လက်နက်ကြီးကျည် ကျရောက်ခဲ့သည်။
ထိုလက်နက်ကြီး ကျရောက်မှုကြောင့် ဒေါစဲကျေးရွာတွင် အရပ်သားတစ်ဦး ထိခိုက်သေဆုံးခဲ့ရာ အသေးစိတ်အခြေအနေကိုမူ စုံစမ်းနေဆဲဟု KNDF တာဝန်ရှိသူများက ပြောသည်။
KNDF ပြန်ကြားရေးတာဝန်ရှိသူက “လောလောဆယ်တော့ ကျနော်တို့ ပြည်သူတွေက စစ်ကောင်စီရှိတဲ့နေရာတွေကို ရှောင်သွားတယ်ပေါ့နော်။ တချို့ရွာတွေမှာတော့ ဒေါကမီးတို့ နန်းဖယ်ခုံတို့မှာတော့ ရှိနေတုန်းပေါ့နော်။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ အများဆုံးပြည်သူတွေ မထိခိုက်အောင် ချင့်ချိန်ပြီး လုပ်တယ်ပေါ့နော်။ ပြည်သူတွေကတော့ လုံခြုံအောင်နေကြပေမယ့် စစ်ကောင်စီကတော့ ပြည်သူတွေရှိတဲ့ စစ် ရှောင်စခန်းတွေကို လက်နက်ကြီးပစ်ခတ်တာတွေတော့ ရှိတယ်ပေါ့နော်။ ဆိုတော့ ၂ ဖက်ထိတွေ့တိုက်ပွဲ မဖြစ်ဖူးတဲ့နေရာတွေမှာလည်း အရပ်သားပြည်သူ ထိခိုက်မှုတွေ ရှိပါတယ်” ဟု ဆက်ပြောသည်။
စစ်ကောင်စီတပ်များမှာ ဖရူဆိုမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့တို့တွင် လတ်တလော စစ်ရေးလှုပ်ရှားမှုများ ငြိမ်သက်နေပြီး ဒီးမော့ဆိုမြို့နယ် တစ်ခုတည်းကိုသာ အာရုံစိုက်၍ နယ်မြေထိန်းချုပ်နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ထို့ကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသော KNDF, KA, KRU, KGZ, DMO-PDF တို့နှင့် စစ်ကောင်စီတပ်များမှာ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့် အနေအထားတွင်ရှိသည်ဟု သက်ဆိုင်ရာတပ်ဖွဲ့များ၏ တာဝန်ရှိသူများက ပြောသည်။
NMG – ပေးပို့သည်။