ထီးလင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိနိုင်

By MPM 16 ဒီဇင်ဘာ, 2022 👁

မကွေးတိုင်း ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ယောတော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားတွေ သေဆုံးမှုရှိခဲ့သလို အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ YRA (ထီးလင်း) က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၄) ရက်နေ့ ညပိုင်းတိုက်ပွဲမှာ ထီးလင်းမြို့ အထိုင်တပ်နဲ့ ရွှေအောင်သာ အထိုင်တပ်ပေါင်းထားတဲ့ ပူးပေါင်းစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ညောင်ဟောင်းကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့တာပါ။

ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက် ရွာနီးနားက ဘုန်းကြီးကျောင်းမှာ တစ်ညလုံး အော်သံတွေကြားနေရသလို စစ်ကောင်စီတပ် အထိနာခဲ့တာကြောင့် စစ်ကြောင်း ရှေ့ဆက်မတိုးဘဲ ပြန်ဆုတ်သွားတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းက ဖမ်းဆီးထားတဲ့ ရွာသားသုံးဦးကိုလည်း ပြန်လွှတ်ပေးလိုက်တယ်လို့ သူက ပြောပါသေးတယ်။

ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီတပ်သား (၁၀) ဦးရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောကြပြီး သူတို့တွေဟာ ထီးလင်းမြို့ထဲကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ ဆယ်ဦးထက်မနဲ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပြီး ကာကွယ်ရေးတပ်တွေဘက်ကတော့ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။