စစ်အုပ်စု၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ချဉ်းကပ်မှုများအား လက်မခံဘဲ SCEF ၏ နိုင်ငံရေးဦးတည်ချက်များအတိုင်းသာ ရပ်တည်သွားမည်ဟုဆို

By MPM 15 စက်တင်ဘာ, 2026 👁 39

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တွင် ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများသည် စစ်အုပ်စု၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် ချည်းကပ်မှုများကို လက်မခံဘဲ SCEF ၏ နိုင်ငံရေးဦးတည်ချက်အတိုင်း ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောသည်။

SCEF အဖွဲ့ဝင်ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF/CNA) ကို စစ်အုပ်စုက ကြားလူတစ်ဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ချည်းကပ်မှုများရှိခဲ့သော်လည်း အဆိုပါကမ်းလှမ်းမှုကို လက်မခံဘဲ ပယ်ချခဲ့ကြောင်း ဆိုသည်။

ချင်းပြည် ချင်းလဲန်းကောင်စီ/ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာရွှေခါးရ်က “အိုင်လ်ဇောအထိ လူလွတ်ပြီးတော့ Third Party သက်ဆိုင်ရာကနေတစ်ဆင့် ချည်းကပ်တာမျိုးတော့ ရှိတယ်။ အဲဒီအချိန်တုန်းကတော့ ကံကောင်းစွာနဲ့ပဲ ဒီ CB နဲ့ CC နဲ့ အစည်းအဝေးလည်းရှိနေတော့ အဲဒီမှာကတော့ ကျနော်တို့ ထုတ်ပြန်တာ တစ်ခုရှိတယ်။ ကျနော်တို့ CB နဲ့ CC ပူးပေါင်းဆောင်ရွက်မှု အရင်လုပ်ပြီးတော့မှပဲ ဒီကိစ္စတွေကိုတော့ ကျနော်တို့ Respond လုပ်ပါမယ်ဆိုပြီးတော့ သူတို့တုန့်ပြန်တာ ကျနော်တို့ ကြားသိရတယ်” ဟု ပြောသည်။

၎င်းက ဆက်လက်၍ “အခု မင်းအောင်လှိုင် ငြိမ်းချမ်းရေးခေါ်နေတဲ့ဟာက ငြိမ်းချမ်းရေးမှမဟုတ်တာ တကယ့် ငြိမ်းချမ်းရေး ခေါ်ချင်ရင်တော့ တကယ့် ငြိမ်းချမ်းရေးယူချင်ရင်တော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ Inclusive နဲ့ ခေါ်သင့်တာ EAOs ပဲ ခေါ်ပြီးတော့ ကျန်တဲ့လူကို မခေါ်ဘူးဆိုတဲ့ ပုံစံမျိုးက မဖြစ်သင့်ဘူးလေ။ ဆိုတော့ အဲဒါကြောင့် SCEF ရဲ့ option ကိုပဲ ကျနော်တို့ဖက်ကတော့ ခိုင်ခိုင်မာမာ ရပ်တည်ပေးတယ်ဆိုတဲ့ဟာကို ကျနော်တို့ ပြောချင်ပါတယ်” ဟု ဆက်ပြောသည်။

အဆိုပါ ပြောဆိုချက်ကို ဩဂုတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ‘ချင်းပြည်သူတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျင့်သုံးပြီး နှစ်နှစ်ခွဲကာလအတွင်း အုပ်ချုပ်ရေးဖော်ဆောင်မှု အစီရင်ခံစာ’ သတင်းရှင်းလင်းပွဲတွင် ဒေါက်တာရွှေခါးရ်က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် SCEF အဖွဲ့ဝင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) သို့လည်း စစ်အုပ်စုက စက်တင်ဘာလ ၄ ရက်နေ့တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ကြားခဲ့သည်ဟူသော သတင်းများနှင့်ပတ်သက်၍ KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ကျနော်ဖြေဖူးပါတယ်။ ကျနော် ခင်ဗျားကိုလည်း ဖြေဖူးပါတယ်။ အခုထက်ထိလည်း ကျနော် မကြားသိရပါဘူး” ဟု ပြောသည်။

စစ်အုပ်စု၏ သွေးခွဲဆွေးနွေးမည့် နည်းဗျူဟာအတိုင်း တစ်ဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းလာပါက လက်ခံမည်မဟုတ်သော်လည်း ပဋိပက္ခတွင် ပါဝင်သက်ဆိုင်သူ အားလုံးပါဝင်သည့် တကယ့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပါက ပူးပေါင်းပါဝင်ရန် အသင့်ရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက သတင်းနှင့်မီဒီယာကွန်ရက် (NMG) သို့ အတည်ပြုခဲ့ဖူးသည်။

ဗိုလ်မှူးကြီးနော်ဘူက “ကျနော်တို့ KIO ရဲ့ ဆွေးနွေးရေးနဲ့ပတ်သက်လို့ တကယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကို ပြောင်းလဲနိုင်တဲ့ ဆွေးနွေးပွဲ ဖြစ်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ပါဝင်ဖို့ အမြဲတမ်း အဆင်သင့်ဖြစ်ပါတယ်။ အားလုံးပါဝင်ပြီးမှ မြန်မာနိုင်ငံတစ်ခုလုံးရဲ့ နိုင်ငံရေးအခြေအနေ ရှင်းလင်းတဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုလို့ရှိရင် တော့ ကျနော်တို့ လက်ခံတယ်လို့ ပြောလိုတာပါ” ဟု ပြောသည်။

အလားတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေဖြင့်လည်း စစ်တပ်ကို နိုင်ငံရေးတွင် ပါဝင်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA ကို အခြေခံသည့် မည်သည့် တွေ့ဆုံဆွေးနွေးမှုကိုမျှ လက်ခံမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း စစ်အုပ်စု၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုများကို လက်ခံမည်မဟုတ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင် NUG၊ CRPH နှင့် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်ကြသည့် KIO/KIA၊ KNU၊ CNF/CNA၊ KNPP/KA တို့ ပူးပေါင်း၍ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်များကို ဦးဆောင်လမ်းညွှန်ရန် SCEF ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

SCEF ၏ ဦးတည်ချက် ၆ ရပ်တွင် စစ်အာဏာသိမ်းမှုကို ဖယ်ရှားရန်၊ စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေမှုကို အပြီးတိုင် အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်တွင် ထားရှိရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန် စသည့်အချက်များ ပါဝင်သည်။

ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲကာ ပြည်ထောင်စုသစ်တည်ဆောက်ရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်ရေး လုပ်ငန်းစဉ်များကိုလည်း ထည့်သွင်း ပြဋ္ဌာန်းထားသည်။

သတင်းနှင့် မီဒီယာ ကွန်ရက်