စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်း နိုင်ငံကူးလက်မှတ်လျှောက်သူဦးရေမှာ ယခင်ကထက် လေးဆနီးပါးခန့် မြင့်တက်လာပြီး တစ်ရက်လျှင် လူနှစ်ရာနှုန်း ထုတ်ပေးနေရသည်ဟု ပုသိမ်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးနှင့်နီးစပ်သူများက ပြောသည်။
ဧရာဝတီတိုင်းအတွင်း ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကစတင်ပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားသူဦးရေ မြင့်တက်လာကာ စစ်တပ်က အာဏာမသိမ်းခင်နှစ်များက တစ်ရက်လျှင် အများဆုံး လူဦးရေ ၅၀ ဝန်းကျင်ခန့်သာ ထုတ်ပေးခဲ့ရာမှ ယခု တစ်ရက်လျှင် လူအယောက် ၂၀၀ နှုန်းဖြင့် ထုတ်ပေးနေရခြင်း ဖြစ်သည်။
နိုင်ငံကူးလက်မှတ် လျှောက်ထားသူများထဲက ဧရာဝတီတိုင်းအတွင်း၌ သန်းခေါင်စာရင်းပေါက် နေထိုင်ကြသူများကိုသာ ပုသိမ်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးကထုတ်ပေးခြင်းဖြစ်ပြီး ၎င်းတို့အား ရုံးပိတ်ရက်များမှအပ နေ့စဉ်တစ်ရက်လျှင် လူဦးရေ အယောက် ၂၀၀ နှုန်း ထုတ်ပေးနေရခြင်းဖြစ်သည်။
ပုသိမ်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးက ဝန်ထမ်းတစ်ဦးက “ဧရာဝတီတိုင်းထဲမှာ နေထိုင်တဲ့သူတွေပဲ လုပ်ပေးတာ။ တခြားတိုင်းနဲ့ ပြည်နယ်က သူတွေကိုတော့ လုပ်မပေးဘူး” ဟု ပြောသည်။
နိုင်ငံကူးလက်မှတ်ရဖို့အတွက် ပုံမှန် လေးလခန့်ကြာပြီး Passpost ရုံးကို တရားဝင် သတ်မှတ်နှုန်း ကျပ် ၅သောင်းသာ ပေးသွင်းရသည်ဟု ၎င်းကရှင်းပြသည်။
သို့သော် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်လိုသူ များလာခြင်းကြောင့် နိုင်ငံကူးလက်မှတ် အမြန်ရရှိရေး ပွဲစားများမှတဆင့် ငွေပိုပေးကာ လုပ်ရသည့် မှောင်ခိုစျေးကွက်လည်းရှိနေသည်။
နိုင်ငံကူးလက်မှတ် အမြန်ရရှိရန် လက်ရှိ ကာလပေါက်ဈေး ကျပ်သုံးသိန်းကျော်အထိ ရှိနေသည်ဟု Passpost မှောင်ခိုပွဲစား အသိုင်းအဝိုင်းထံမှ သိရသည်။
နိုင်ငံကူးလက်မှတ်ကို အမြန်လုပ်လိုသူများက နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲအထူးသတင်းတပ်ဖွဲ့ (SB) တပ်ဖွဲ့ဝင်များ၊ စသုံးလုံး (စစစ) တပ်ဖွဲ့ဝင်များ၊ စရဖ တပ်ဖွဲ့ဝင်များထံ ပွဲစားများမှတဆင့် ချိတ်ဆက်ကာ လုပ်ကြရသည်ဟု Passpost စာအုပ် အမြန်လုပ်ဖူးသူတစ်ဦးက ပြောသည်။
နိုင်ငံကူး လက်မှတ်လုပ်ရန်အတွက် ပုသိမ်မြို့ကို သုံးကြိမ် အနည်းဆုံးလာရပြီး အမြန်ရရန်အတွက် ပွဲစားဖြင့်လုပ်ရာ စရိတ်စကအပါအဝင် ကျပ် လေးသိန်းကျော် ငါးသိန်းဝန်းကျင်အထိ ကုန်ကျသည်ဟု ဒေးဒရဲမြို့နယ်မှ နိုင်ငံကူးလက်မှတ်လာလုပ်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ အမျိုးသမီးငယ်က “ပုံမှန်လုပ်ရင် ကြန့်ကြာတယ်၊ ဝန်ထမ်းတွေက ရစ်နေတာနဲ့ တိုးမယ်။ အဲတော့ ငွေကုန်ခံရတော့တာပေါ့။ ဝန်ထမ်းတွေက ငွေတောင်းတာ ဓါးပြတိုက်နေသလိုပဲ” ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းကြီးမြင့်နေပြီး ဒေသတွင်း၌ အလုပ်အကိုင် ရှားပါးလာခြင်းကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ဒေသခံများသည်လည်း အခြားသော တိုင်းနှင့်ပြည်နယ်အသီးသီးက ပြည်သူများကဲ့သို့ ပြည်ပနိုင်ငံများကို သွားရောက် အလုပ်လုပ်ကိုင်လိုသူ တိုးမြင့်လာနေခြင်း ဖြစ်သည်ဟု အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန အကြီးတန်း အရာရှိဟောင်းတစ်ဦးက ပြောသည်။
နိုင်ငံကူးလက်မှတ်လျှောက်သူများထဲတွင် အများစုမှာ လူငယ်များဖြစ်ပြီး ကျေးလက်နေလူငယ်များလည်း ပြည်ပထွက် အလုပ်လုပ်ကြသလို မြို့နေ လူငယ်အများစုကလည်း တက္ကသိုလ်များ ဆက်မတက်တော့ဘဲ ပြည်ပထွက်ပြီး အလုပ်လုပ်ကြသည်။
ပြည်ပထွက်ခွာပြီး အလုပ်အကိုင် လုပ်ကိုင်သူနေသူ အများစုက အိမ်နီးချင်းနိုင်ငံများရှိ မွေးမြူရေး၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင်၊ အလုပ်ရုံ စက်ရုံ၊ အထည်ချုပ်၊ အိမ်အကူစတဲ့ အလုပ်များကို သွားရောက်လုပ်ကိုင်ကြခြင်းဖြစ်သည်ဟု ပြည်ပ အလုပ်အကိုင် ရှာဖွေပေးသည့် ကိုယ်စားလှယ်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
NMG – ပေးပို့သည်။