စစ်ရေးတင်းမာမှုမြင့်တက်နေ၍ ပြည်သူများ လုံခြုံရေးအထူးသတိပြုကြရန် ULA/AA သတိပေး

By MPM 5 စက်တင်ဘာ, 2026 👁 417

ရခိုင်ပြည်အတွင်း စစ်ရေးအခြေအနေ တင်းမာလာနေပြီး အာဏာသိမ်းစစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ပြည်သူများအနေဖြင့် လုံခြုံရေးအထူးသတိပြု နေထိုင်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ယနေ့ စက်တင်ဘာ ၄ ရက်တွင် သတိပေးထုတ်ပြန်သည်။

စစ်တပ်သည် ရခိုင်ပြည်အတွင်းနှင့် အနီးတဝိုက်ဒေသများတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင် နေပြီး မြေပြင်တိုက်ပွဲများနှင့်အတူ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများအတွက် လုံခြုံရေးအန္တရာယ် ပိုမိုမြင့်တက်လာနိုင်ကြောင်း ULA/AA ၏ ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

စက်တင်ဘာ ၄ ရက် နံနက်ပိုင်းမှစ၍ စစ်တွေမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကြား လက်နက်ကြီးနှင့် ဒရုန်းများဖြင့် အပြန်အလှန်တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း DMG က သတင်းဖော်ပြထားသည်။

ယင်းမတိုင်မီ စက်တင်ဘာ ၃ ရက်တွင်လည်း ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်မြို့နယ်တို့ရှိ နေရာ အချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ရခိုင်ပြည်တောင်ပိုင်း ဂွ၊ ကျိန္တလီနှင့် ဂျိတ်တောအနီးတဝိုက်တွင်လည်း စစ်သင်္ဘောများမှ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။

အာဏာသိမ်းစစ်တပ်သည် မြေပြင်စစ်ရေးအခြေအနေများနှင့်အတူ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်အသုံးပြုနေကြောင်း ULA/AA က ဆိုထားပြီး ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် အပါအဝင် ဖြစ်ပေါ်လာနိုင်သည့် စစ်ရေးအန္တရာယ်များကို အထူးဂရုပြုကြရန် တိုက်တွန်းထားသည်။

DMG က စုစည်းထားသည့် စာရင်းများအရ ဩဂုတ်လအတွင်း ရခိုင်ပြည်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် တို့တွင် အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၃၅ ဦး သေဆုံးပြီး ၈၄ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ယင်းတို့အနက် သေဆုံးသူများတွင် အမျိုးသမီး ၂၀ ဦးနှင့် အသက် ၁ နှစ်မှ ၁၆ နှစ်အကြား ကလေးငယ် ၅ ဦး ပါဝင်ကြောင်း DMG ၏ စက်တင်ဘာ ၂ ရက် သတင်းတွင် ဖော်ပြထားသည်။

လတ်တလောတွင် စစ်တွေမြို့နှင့် အနီးဝန်းကျင်၌ စစ်ရေးတင်းမာမှုများ ပြန်လည်မြင့်တက်လာနေပြီး စစ်တွေသည် အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားဆဲ ရခိုင်ပြည်ရှိ အဓိကနေရာများအနက် တစ်ခုဖြစ်သည်။

ULA/AA က စစ်ရေးအခြေအနေများကြောင့် အရပ်သားပြည်သူများအနေဖြင့် သတိပေးချက်များကို အလေးထားလိုက်နာပြီး မိမိတို့၏ လုံခြုံရေးကို အထူးဂရုပြုကြရန် တိုက်တွန်းထားသည်။

DMG