ရခိုင်တောင်ဘက် အစွန်ဆုံးမြို့တစ်ခုဖြစ်သည့် ဂွမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ လေကြောင်း၊ ရေကြောင်း အန္တရာယ်များကြောင့် နေ့စဉ်လူမှုဘဝရပ်တည်ရေး ပိုခက်ခဲလာသဖြင့် စားဝတ်နေရေး အခက်အခဲများလာသည်ဟု ပြောဆိုကြသည်။
အာဏာသိမ်းစစ်တပ်သည် ဧရာဝတီကနေတဆင့် ဂွမြို့နယ်ကို ထိုးဖောက်ရန် ကြိုးပမ်းနေပြီး ဂွမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်နေသည့်အပြင် လက်ရှိ ပင်လယ်ရေကြောင်းလှုပ်ရှားမှုပါ လုပ်နေသည်။
ယင်းကြောင့် ဒေသခံများမှာ အာဏာသိမ်းစစ်တပ်၏ အန္တရာယ်ကြားမှာ လုပ်ကိုင်စားသောက်၍မရတော့ဘဲ အသက်အန္တရာယ်လုံခြုံရေးကို ဦးစားပေးနေသဖြင့် ဝမ်းရေးခက်အခဲလာသည်ဟု ပြောကြသည်။
“ဂွဖက်က စစ်ရေးအနေအထားအရ အမြဲတမ်း ဖိအားပေးခံနေရတဲ့ အနေအထားမှာရှိနေတော့ ဒေသခံ ပြည်သူတွေနဲ့ စစ်ဘေးတွေအတွက် စားဝတ်နေရေး အရမ်းခက်ခဲမှုရှိတယ်။ မြို့ပေါ်က လူတွေတောင် မလွယ်ကြဘူး။လုပ်ကိုင်စားသောက်ဖို့ကလည်း လေကြောင်း အန္တရာယ်ကတစ်မျိုး၊ ရေကြောင်း နေဗီတွေရဲ့ အန္တရာယ်တွေ တစ်မျိုးဆိုတော့ လုပ်ကိုင်စားသောက်ဖို့က ဘယ်လိုမှ လုံခြုံမှုမရှိတော့ ဝင်ငွေက မရှိကြဘူးလေ” ဟု ဂွဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့သည် ဇူလိုင်နှင့် ဩဂုတ်အတွင်းမှာ အာဏာသိမ်းစစ်တပ်၏ လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုဒဏ်ကို အပြင်းထန်ဆုံးခံစားနေကြရသည့် မြို့နယ်များလည်းဖြစ်ကြသည်။
ဂွမြို့နယ်တွင် လယ်ယာမြေနည်းပါးပြီး ပင်လယ်ပင်ငါးဖမ်းလုပ်ငန်းများဖြင့် အဓိကအသက်မွေးကြပြီး ဒေသတွင်းစားနပ်ရိက္ခာအတွက် ဧရာဝတီဘက်ကို အမှီပြုကြရသည်။
၂၀၂၄ ခုနှစ်ကတည်းက အာဏာသိမ်းစစ်တပ်၏ ကန့်သတ်ပိတ်ဆို့မှုများကြောင့် ဧရာဝတီဘက်မှ ကုန်စည်းစီးဆင်းမှုအတွက် ရခိုင်ပြည် မြောက်ပိုင်းရှိ မြို့နယ်များကိုသာ အားကိုးပြီး ကုန်သွယ် နေကြရခြင်းဖြစ်သည်။
ထိုသို့ ရခိုင်မြောက်ပိုင်းနှင့် ကုန်သွယ်ရာမှာလည်း လမ်းခရီးဝေးကွာခြင်းနှင့်အတူ သယ်ယူစရိတ် ကြီးမြင့်၍ ဒေသတွင်းမှာ ကုန်ဈေးနှုန်း ၂ ဆနီးပါးမြင့်တက်နေကြောင်း သိရသည်။
“ပြည်မဖက်ကလည်း မဝင်ဆိုတော့ မြောက်ပိုင်းနဲ့ပဲ ကုန်စည်းစီးဆင်းမှုလုပ်နေရတော့ သိပ်ပြီးတော့ အဆင်မပြေဘူးပေါ့။သယ်ယူရေး စရိတ်တွေက အရမ်းကြီးတယ်။ မြောက်ပိုင်းဖက်ထက်စာရင် ဈေးက ၂ ဆနီးပါးမြင့်တက်နေပေါ့” ဟု နောက်ထပ် ဂွဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ ဂွမြို့နယ်တွင် ဆန်ကြမ်း တစ်အိတ်ကို ငွေကျပ် ၉ သောင်း၊ စားသုံးဆီ တစ်လီတာကို ငွေကျပ် ၁၅,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ငွေကျပ် ၁၄,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ငွေကျပ် ၂၂,၀၀၀ ကျပ်အထိနှင့် စက်သုံးဆီတစ်လီတာ ငွေကျပ် ၁၃,၀၀၀ အထိရှိကြောင်း သိရသည်။
ဂွမြို့နယ်အတွင်း လူသားချင်းစာနာမှုအကူအညီရရှိရေးအပိုင်းမှာလည်း အလွန်နည်းပါးသည့်အပြင် ဒေသတွင်း လူမှုကူညီရေးမှာလည်း လက်လှမ်းမမီသဖြင့် စစ်ဘေးရှောင်များနှင့် ဒေသခံများမှာ ပို၍ ဒုက္ခရောက်ကြရသည်။
အာဏာသိမ်းစစ်တပ်သည် ဧရာဝတီကနေ ဂွမြို့နယ်ကို ထိုးဖောက်ကာ ရခိုင်သို့ဝင်ရောက်နိုင်ရေးအတွက် အသည်းအသန်ကြိုးပမ်းနေပြီး လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်နေသဖြင့် ဒေသခံများက အသက်အန္တရာယ်လုံခြုံမှုကင်းမဲ့နေကြရသည်။
DMG