မကွေးတိုင်း ဂန့်ဂေါမြို့နယ်က ဒေသခံ (၁၅) ဦးကျော်ကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးပြီး ငွေသုံးသိန်းတောင်းကာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၉) ရက်နေ့က ဖောက်ခွဲရေးပစ္စည်းတွေရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
စစ်ကောင်စီက ဖမ်းဆီးသွားသူတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်တာမရှိဘဲ အေးအေးဆေးဆေးနေထိုင်တဲ့သူတွေဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပြည်သူတွေဟာ စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်ရှားပါးနေတဲ့ကြားက ပြန်လည်လွတ်မြောက်ဖို့အတွက် ငွေကျပ် (၃) သိန်းပေးခဲ့ရပြီး ဖမ်းခံရသူတွေထဲက ချင်းလူမျိုး (၃) ဦးကို တော့ပြန်မလွှတ်ပေးသေးဘဲ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထားသလို စစ်ဆေးရေးဂိတ်တွေချထားပြီး လမ်းသွားလမ်းလာ ကား၊ ဆိုင်ကယ်တွေကို မထင်သလိုဖ မ်းဆီးငွေတောင်းနေတာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပုဒ်မအမျိုးမျိုးတပ်ပြီး မတရားဖမ်းဆီးခံထားရသူ (၁၆၅၆၃) ဦးရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဖော်ပြထားပါတယ်။
သံလွင်တိုင်းမ် – ပေးပို့သည်။