ကျောက်တော် လေကြောင်းတိုက်ခိုက်မှုအတွက် အထောက်အထားများ ပေးပို့ရန် IIMM တောင်းခံ

By MPM 4 အောက်တိုဘာ, 2026 👁 83

ရခိုင်ပြည်၊ ကျောက်တော်မြို့ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးဝန်းကျင်ကို စက်တင်ဘာ ၂၈ ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ မျက်မြင်ကြုံတွေ့ခဲ့ရသူများနှင့် ဖြစ်ရပ် အကြောင်း တိုက်ရိုက်သိရှိထားသူများအနေဖြင့် အထောက်အထားနှင့် အချက်အလက်များ မျှဝေပေးရန် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က တောင်းခံလိုက်သည်။

စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်သည့် IIMM ၏ ထုတ်ပြန်ချက်အရ ကျောက်တော် လေကြောင်း တိုက်ခိုက်မှု ကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးပြီး ၅၈ ဦး ဒဏ်ရာရရှိခဲ့သည်။

ထိခိုက်သေဆုံးသူများမှာ ကုန်သည်များ၊ ဈေးဝယ်သူများ၊ ဖြတ်သန်းသွားလာသူများနှင့် ပစ္စည်းသယ်သူများဖြစ်ကြ ပြီး အများစုမှာ အမျိုးသမီးနှင့် ကလေးများဖြစ်ကြောင်း IIMM က ဆိုသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးနှင့် မွေးကင်းစကလေးငယ်တစ်ဦးလည်း သေဆုံးခဲ့ပြီး ကစ္ဆပနဒီတံတားနှင့် အနီးရှိ ဈေးဆိုင်တချို့လည်း ပျက်စီးခဲ့သည်။

IIMM သည် သေဆုံးဒဏ်ရာရသူများနှင့် သက်ဆိုင်သည့် ဓာတ်ပုံ၊ ဗီဒီယိုနှင့် အချက်အလက်များ၊ ဈေး၊ တံတားနှင့် အနီးဝန်းကျင်ရှိ အဆောက်အအုံများ ပျက်စီးမှုဆိုင်ရာ မှတ်တမ်းများကို တောင်းခံထားသည်။

ထို့အပြင် တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် လေယာဉ်၊ လေယာဉ်အခြေစိုက်ရာ လေတပ်စခန်း၊ အသုံးပြုခဲ့ သည့် လက်နက်များအပြင် လေယာဉ်မှူးများနှင့် အမိန့်ပေးသူများအပါအဝင် တိုက်ခိုက်မှုတွင် ပါဝင်သည့် မြန်မာစစ်တပ် မှ ပုဂ္ဂိုလ်များနှင့် ပတ်သက်သော အချက်အလက်များကိုလည်း ပေးပို့ရန် တောင်းခံထားသည်။

ရခိုင်ပြည်တွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေသည်ဆိုသည့် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးနေကြောင်း IIMM က ဆိုသည်။

အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရှောင်ရှားဘဲ တိုက်ခိုက်သည့် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများသည် ၂၀၂၅ ခုနှစ်မှစ၍ သိသိသာသာ တိုးမြင့်လာကြောင်း ယုံကြည်ရသည့် အထောက်အထားများက ညွှန်ပြနေပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဈေးနှင့် ဘုန်းကြီးကျောင်းများလည်း တိုက်ခိုက်ခံနေရ ကြောင်း ယန္တရားက ဖော်ပြထားသည်။

အရပ်သားများကို မရှောင်ရှားဘဲ သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများ သည် စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဖြစ်နိုင်ကြောင်း IIMM က ဆိုသည်။

ဈေးကဲ့သို့ အရပ်သားများ ကျင်လည်ရာနေရာများကို တိုက်ခိုက်ခြင်းသည် အစားအစာရရှိနိုင်မှုနှင့် စားနပ် ရိက္ခာ ဖူလုံမှုကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပြီး အခြေအနေပေါ်မူတည်၍ စစ်ရာဇဝတ်မှု၊ စစ်ရေးနည်းဗျူဟာ တစ်ရပ် အဖြစ် ငတ်မွတ်စေခြင်းဖြင့် ကျူးလွန်သည့် ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။

IIMM က ကျောက်တော်ဖြစ်စဉ်အတွက် အထောက်အထားများ တောင်းခံနေချိန်တွင် ရခိုင်ပြည်၏ အခြား ဒေသများ၌လည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည်။

စက်တင်ဘာ ၃၀ ရက် ညပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာနှင့် ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ ကြောင်း DMG က သတင်းဖော်ပြထားသည်။

အောက်တိုဘာ ၁ ရက်တွင် အာရက္ခတပ်တော် (AA) ကလည်း စက်တင်ဘာ ၃၀ ရက်နှင့် အောက်တိုဘာ ၁ ရက်တို့တွင် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဝီရဌာနေ (ပေါက်တော)၊ ကျောက်တော်နှင့် သံတွဲမြို့နယ်တို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကို စစ်တပ်က လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုများကြောင့် အရပ်သားတချို့ ထပ်မံသေဆုံးဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် လူနေအိမ် တချို့လည်း ပျက်စီးခဲ့ကြောင်း AA က ဆိုသည်။

ရခိုင်ပြည်သည် နိုင်ငံတဝန်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အများဆုံးခံနေရသည့် ဒေသများထဲတွင် ပါဝင်နေသည်။ ISP-Myanmar ၏ အချက်အလက်အရ မတ်လ ၃၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ ငါးလတာ အတွင်း ရခိုင်ပြည်၌ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၂၂၂ ကြိမ် ရှိခဲ့သည်။

ယင်းစာရင်းတွင် စက်တင်ဘာလနှင့် အောက်တိုဘာလဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများ မပါဝင်သေးပေ။

DMG ၏ စုစည်းထားသည့် စာရင်းများအရ ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၂ ရက်အထိ ရခိုင်ပြည်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၆၀၂ ဦး သေဆုံးပြီး ၁,၂၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းစာရင်းတွင် စက်တင်ဘာ ၁၃ ရက်နောက်ပိုင်း ဖြစ်ပွားခဲ့သည့် လေကြောင်း တိုက်ခိုက်မှုများမှ ထိခိုက်သေဆုံးမှုများ မပါဝင်သေးပေ။

ကျောက်တော် လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်သည့် အချက်အလက်များရှိသူများအနေဖြင့် မိမိတို့၏ လုံခြုံရေးကို ဦးစားပေးပြီး စိတ်ချလုံခြုံသည့် အခြေအနေမှသာ ယန္တရားထံ ဆက်သွယ်ကြရန် IIMM က တိုက်တွန်းထားသည်။

DMG