ကျုံဒိုးမှာ လက်နက်ကြီးကျလို့ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးသေဆုံး

By MPM 4 အောက်တိုဘာ, 2026 👁 73

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၇၃ နှစ်အရွယ် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ကျုံဒိုးအခြေစိုက် အာဏာသိမ်းစစ်တပ်ရဲ့ အမှတ် ၃၁၂ အမြောက်တပ်နဲ့ တပ်သစ်မြောက်ကုန်းတို့ကနေ စက်တင်ဘာ ၂၅ ရက်နေ့ကနေ ၃၀ ရက်အထိ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး သေဆုံးပြီး အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် နေအိမ်နှစ်လုံးနဲ့ ရော်ဘာပင်ပေါင်း ၃၅၀ ကျော် ထိမှန်ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ ဝက်တစ်ကောင်လည်း ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အာဆီယံ ဘုံသဘောတူညီချက်ကို လိုက်နာဆောင်ရွက်မှုမရှိဘဲ နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့ အရပ်သားပြည်သူတွေအပေါ် ဖမ်းဆီးသတ်ဖြတ်တာနဲ့ စစ်ရာဇဝတ်မှုဆိုင်ရာတွေ နေ့စဉ်နဲ့အမျှ ကျူးလွန်လျှက်ရှိတယ်လို့ KNU ဗဟိုက အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကလည်း KNU ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၅၈ နှစ်အရွယ် ဒေါ်အယ်သီခိုင် ထိမှန်သေဆုံးပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သံလွင်တိုင်းမ်