ကန်ကြီးထောင် မြို့အဝင်ဂိတ်အနီး ဗုံးပေါက်ကွဲပြီးနောက် ဒေသခံ ၁၀ ဦးကျော် ဖမ်းခံရ

By MPM 19 ဒီဇင်ဘာ, 2022 👁

ပုသိမ် – ရန်ကုန် ကားလမ်းဘေးရှိ စစ်ဆေးရေးဂိတ်အနီး ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များက ဒေသခံ ၁၀ ဦးကျော်ကို ဖမ်းဆီး လိုက်သည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့အဝင် မာလာကုန်းလမ်းဆုံ အဆိုပါ စစ်ဆေးရေးဂိတ်အနီး ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင် အချိန်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ကန်ကြီးထောင့် မြို့မရပ်ကွက်၊ ဘဲဂရက်၊ မာလာကုန်းလမ်းဆုံက ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ဒီဇင်ဘာ ၁၄ ရက်နေ့ နှင့် ၁၅ ရက်နေ့တို့တွင် ဆက်တိုက် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ဒလန်က လက်ညှိုးထိုးတာကို သိမ်းကျုံးဖမ်းနေတာ။ ပေါက်ကွဲမှုတို့ ပစ်ခတ်မှုတို့ မီးလောင်မှုတို့ဖြစ်တိုင်း PDF တွေ လုပ်တယ်ဆိုပြီး တွေ့တဲ့သူ အစုလိုက်အပြုံလိုက် ဖမ်းတော့တာပဲ” ဟု မြို့ခံတစ်ဦးက ပြောသည်။

ကန်ကြီးထောင့် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်အနီးက မလေးရှား ပိတောက်ပင်အောက်တွင် လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ပေ။

သို့သော်လည်း ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နှစ်ရက်ဆက်တိုက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများ ဒေသခံ ၁၀ ဦးကျော်ကို ကန်ကြီးထောင့် ရဲစခန်းတွင် ချုပ်ထားသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများက အဆိုပါပေါက်ကွဲမှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း သတင်းထုတ်ပြန်ထားသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

မီးသတ်တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ကန်ကြီးထောင့် မြို့နယ်ထဲက ကျောင်းတစ်ကျောင်းမှာ ဗုံးပေါက်ကွဲပြီး မီးလောင်တော့ PDF က ဗုံးခွဲ မီးရှို့တယ်ဆိုပြီး ရွာခံတွေအများကြီး အဖမ်းခံရဘူးတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ် ရွေးကျေးရွာက အထက်တန်းကျောင်းခွဲတွင် ဗုံးပေါက်ကွဲခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့စဉ်က ကျောင်းစောင့်၊ လယ်သမားများနှင့် လူငယ်များအပါအဝင် ဒေသခံ စုစုပေါင်း ၇၀ ကျော်ကို ဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့ပြီး အချို့ကို အမှုဆင်ထောင်ချခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများနှင့်ပတ်သက်၍ သက်သေအထောက်အထား အခိုင်အမာမရှိဘဲ စွပ်စွဲဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း အယောက် ၁၀၀ ထက်မနည်း ပုသိမ်ထောင်အတွင်း ရှိနေသည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့က လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသူများထံမှ သိရသည်။

NMG – ပေးပို့သည်။