ရခိုင်ပြည်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသတွင် အမျိုးသားတစ်ဦးသည် အမျိုးသမီး ၁၁ ဦးကို အတင်းအဓမ္မပြုကျင့်ခဲ့ပြီး ယင်းအထဲက အမျိုးသမီး ၄ ဦး၏ အမှုအတွက် ULA/AA တရားရုံးကနေ ထောင်ဒဏ် နှစ် ၄၀ ချမှတ်ထားကာ ကျန်အမှုများကို ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
ယင်းအထဲတွင် အသက်မပြည့်သေးသူအပါအဝင် အမျိုးသမီး ဒါဇင်ခန့်ကို အဓမ္မပြုကျင့်မှု အကြိမ်ကြိမ် ကျူးလွန်ခဲ့သူအား မြောက်ဦးခရိုင်တရားရုံးကနေ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခဲ့ကြောင်း သိရသည်။
ပြစ်ဒဏ်ချမှတ်ခံရသူမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ အသက် ၂၅ နှစ်အရွယ် ဇော်ဇော်နိုင် (ခ) လဖြူချေဖြစ်ပြီး စက်တင်ဘာ ၁ ရက်က ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။
၎င်းသည် ကျောက်တော်မြို့နယ်၊ လိပ်မကျေးရွာမှ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦး၊ ကျောက်တော်မြို့နယ်၊ မြင်းကြပ်ကျေးရွာမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ မြောက်ဦးမြို့နယ်၊ ဆင်အိုးကြီးကျေးရွာမှ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်မှ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတို့အား အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
လက်ရှိ ပြစ်ဒဏ်ချမှတ်ခံထားရသူ၏ ဝန်ခံထွက်ဆိုချက်အရ ၎င်းမှာ နစ်နာသူအမျိုးသမီးများအား အလုပ်ပေးမည်ဟု လိမ်လည်ခေါ်ယူကာ ခြိမ်းခြောက်ပြီး အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း ဆိုထားသည်။
ULA/AA ၏ မြောက်ဦးခရိုင်တရားရုံးက ကျူးလွန်သူအား ကြားနာစစ်ဆေးရာ ပြစ်မှုထင်ရှားသဖြင့် ဇော်ဇော်နိုင်အား ရာဇသတ်ကြီး ပုဒ်မ-၃၆၆ (သွေးဆောင်ခေါ်ယူမှု) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်၊ ပုဒ်မ-၃၇၆ (မုဒိမ်းမှု) အရ ထောင်ဒဏ် ၇ နှစ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး ၄ ဦးအတွက် ထောင်ဒဏ် အနှစ် ၄၀ ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်မှုအပေါ် ကျောက်တော်ဒေသခံ အမျိုးသားတစ်ဦးက “ ဒီပြစ်ဒဏ်လောက်နဲ့တော့ တရားမျှတတယ်လို့ ပြည်သူတစ်ယောက်အနေနဲ့ မမြင်သေးဘူး။ သူက ကွင်းဆက်ပြစ်မှုလိုမျိုး ကျူးလွန်ထားတော့ ကျန်တဲ့ နစ်နာသူတွေအတွက်လည်း စီရင်ချက်ချသင့်တယ်။ ထောင်ဒဏ်လည်း တစ်သက်တစ်ကျွန်းလောက်ချမှ သူလုပ်ထားတာတွေအတွက် အဆင်ပြေမယ်။ နောက်လူတွေအတွက်လည်း ဥပမာကောင်းတစ်ခုဖြစ်မယ်” ဟု ပြောသည်။
အာရက္ခတပ်တော်၏ ရဲတပ်ဖွဲ့ (DLEPS) မှတ်တမ်းများအရ တရားခံ၏ ဝန်ခံထွက်ဆိုချက်တွင် ၎င်းသည် မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော် စသည့် မြို့နယ် ၃ ခုမှ အမျိုးသမီး ၁၁ ဦးကို အဓမ္မပြုကျင့်မှုကျူးလွန်ခဲ့ကြောင်း ထွက်ဆိုထားပြီး ၁၁ ဦးအနက် ၄ ဦးအတွက်သာ ပြစ်ဒဏ်စီရင်ခြင်းဖြစ်ပြီး ကျန် ၇ ဦးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဆိုသည်။
လက်ရှိတွင် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများအတွင်း အမျိုးသမီးများ၏ လုံခြုံရေးမှာ ခြိမ်းခြောက်ခံနေရဆဲဖြစ်ကြောင်း ဒေသခံအမျိုးသမီးများက ပြောဆိုထားကြသည်။
မြောက်ဦး ဒေသခံအမျိုးသမီးတစ်ဦးက “ မုဒိမ်းမှုတွေလည်း အရင်ကထက် များလာတာလား၊ နည်းလာတာလားတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ အခုခေတ်မှာ သားသမီးကို ကိုယ့်မိသားစုချင်းတောင် အတူထားဖို့က တော်တော်မလွယ်တဲ့ကိစ္စပဲ။ လတိုင်းလိုလို ဒီအဓမ္မပြုကျင့်ခံရတဲ့အမှုတွေပဲ ကြားနေရတော့ ပိုပြီးတောင် ကြောက်စရာကောင်းတယ်” ဟု ပြောသည်။
သို့သော်လည်း အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခကတော့ ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် အမျိုးသမီးများကို လုံခြုံရေးအပါဝင် ဥပဒေအရ အကာကွယ်ပေးမှု ရာနှုန်းပြည့်ပေးထားကြောင်း ပြောဆိုထားသည်။
“ ULA ထိန်းချုပ်နယ်မြေတွေမှာနေထိုင်တဲ့ အမျိုးသမီးတွေ လုံခြုံမှု၊ ဥပဒေအရ အကာအကွယ်ပေးမှု ၁၀၀ ရာခိုင်နှုန်းရှိတယ်လို့ အခိုင်အမာပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စစ်ကောင်စီ ထိန်းချုပ်ထားတာနဲ့ ULA/AA ထိန်းချုပ်ပြီးနောက်ပိုင်းအခြေအနေ ဒီဟာကို ချင့်ချိန်ကြည့်လိုက်ရင် ပြည်သူလုံခြုံရေး အမျိုးသမီးတွေရဲ့ လုံခြုံရေးတွေ အရင်ထက် ပိုပြီး အများကြီး တိုးတက်မှု ရှိလာတယ်” ဟု ပြီးခဲ့သည့် AA သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောဆိုထားသည်။
ယခုကဲ့သို့ ဦးခိုင်သုခက ပြောဆိုထားသော်လည်း မြေပြင်အခြေအနေအရ လက်ရှိကာလတွင် အမျိုးသမီးများ၏ လုံခြုံရေးကို ခြိမ်းခြောက်နေသော လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု၊ မုဒိမ်းမှုများမှာ မကြာခဏဆိုသကဲ့သို့ ဖြစ်နေသည်ကို တွေ့ရသည်။
ရခိုင်ဒေသအတွင်း ယခုကဲ့သို့ အဓမ္မပြုကျင့်မှုများပြားလာခြင်းအပေါ် တရားမျှတမှုရရှိရေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့်လည်း ULA/AA နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ လက်ရှိ မြေပြင်မှာ ဖြစ်နေတာတွေကိုကြည့်ရင် မုဒိမ်းမှုကျူးလွန်တာတွေဟာ ကျမတို့မြင်နေရတာထက် အများကြီးရှိနေတယ်။ ဒါပေမဲ့ ရှက်ကြောက်ကြတာတွေကြောင့် မထုတ်ဖော်ရဲကြဘူး။ ပြီးတော့ ဒီလို မပြောရဲမဆိုရဲအောင်လည်း ကျမတို့လူ့အဖွဲ့အစည်းကပဲ အမျိုးသမီးတွေကို ပါးစပ်ပိတ်ခိုင်းထားခဲ့တာ။ ဒီတော့ အုပ်ချုပ်သူတွေအနေနဲ့လည်း ဒါတွေကို ထုတ်ဖော်ပြောရဲပြီး တိုင်ကြားမှုတွေရှိလာအောင် ဒါတွေဟာ ရှက်စရာမဟုတ်ကြောင်း နားလည်အောင် အသိပညာပေးတာတွေ လုပ်ဖို့လိုအပ်မယ်” ဟု အမျိုးသမီးအရေးလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ရခိုင်ပြည်အတွင်းက မြို့နယ်အများစုကို သိမ်းပိုက်ထားသည့် ULA/AA က တရားစီရင်ရေးကဏ္ဍကို ကိုင်တွယ်ဖြေရှင်းပေးနေသော်လည်း အားနည်းချက်များစွာရှိနေသေးကြောင်း ထောက်ပြဝေဖန်မှုများ ရှိနေသည်။
ယင်းအထဲတွင် အဓမ္မပြုကျင့်မှုများကို တရားစီရင်ရာတွင် အားမရမှုများ ရှိနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်က ပေါက်တောမြိုနယ်၊ ဟင်းခရော်ကျေးရွာမှ အသက် ၉ နှစ်အရွယ် ကလေးငယ် အဓမ္မပြုကျင့်ခံရမှု၊ မေလ ၆ ရက်က မင်းပြားမြိုနယ်၊ ဖားပြိုကျေးရွာတွင် အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှုတို့ ရှိခဲ့သည်။
ထို့အတူ ဇွန်လ ၂၀ ရက်က မြေပုံမြိုနယ်၊ လွန်းလုံးပိုက်ကျေးရွာမှ အသက် (၂၀) အရွယ် အမျိုးသမီးတစ်ဦးမှာ တစ်ရွာတည်းနေ အမျိုးသားတစ်ဦး၏ အဓမ္မပြုကျင့်ရန်ကြံစည်မှုရှိခဲ့ပြီး နစ်နာသူများကလည်း တရားမျှတမှုရရှိရေး လိုလားနေကြသည်။
DMG