အင်းလေးလူမှုရေးအသင်း နိုင်ငံရေးနှင့်ပတ်သက်ပြီး ပြောဆိုပါက အရေးယူခံရမည်ဟု စစ်ကောင်စီခြိမ်းခြောက်

By MPM 11 စက်တင်ဘာ, 2023 👁

သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ လူမှုကူညီရေးအသင်းများ နိုင်ငံရေးနှင့် ပတ်သက်ပြီး ပြောဆိုမှု ရှိပါက အဖွဲ့အစည်းကို ဖျက်သိမ်းပြီး အရေးယူခံရမည်ဟု စစ်ကောင်စီ ခြိမ်းခြောက် ပြောထားကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသအတွင်း နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ မီဒီယာများထံ ဖြေကြားပေးသည့်အပြင် နိုင်ငံရေးနှင့် ပတ်သက်စပ်ဆက်မှုရှိပါက အဖွဲ့အစည်းဖျက်သိမ်း ခံရမည်ဖြစ်ပြီး အရေးယူခံရမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးမှ အစည်းအဝေးခေါ်ယူကာ ပြောဆိုခဲ့ကြောင်း လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

“အခု ကျနော်တို့ ပရဟိတ အလုပ်လုပ်နေတော့ မြို့နယ်မှူးက အစည်းအဝေးခေါ်ပြီး ပြောတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မပြောဖို့၊ တကယ်လို့ နိုင်ငံရေးနဲ့ ပတ်သက်လာမယ်ဆိုရင် ပရဟိတအဖွဲ့ ဖျက်သိမ်းခံရမယ်။ နောက်ပရဟိတထဲက အကြီးပိုင်းတွေ အရေးယူခံရမယ်လို့ ပြောထားတယ်Ó ဟု ၎င်းက ဆိုသည်။

ထိုသို့ ခြိမ်းခြောက်ထားခြင်းကြောင့် အင်းလေးဒေသရှိ လူမှုကူညီရေး ပရဟိတ အသင်းများသည် လွတ်လွတ်လပ်လပ် ပြောဆိုခွင့် မရှိသလို လုပ်ဆောင်ခွင့်လည်း မရှိကြောင်း ပရဟိတလုပ်ကိုင်သူများက ပြောသည်။

လာမည့်သီတင်းကျွတ်လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက်နေ့ အထိ ကျင်းပပြုလုပ်မည့် အင်းလေး ဘုရားပွဲတော်အတွင်း လောင်းကစားဝိုင်းများ၊ ပျော်ပွဲ ရွှင်ပွဲများ ထည့်သွင်း ကျင်းပသွားဖို့ စီစဉ် ထားသည်ကို ကြားသိရကြောင်း အင်းလေးဒေသခံတစ်ဦးက ပြောသည်။

“အင်းထဲမှာ ဘုရားပွဲလုပ်ပြီး နောက်ညောင်ရွှေမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်ခိုင်းတယ်။ ပျော်ပွဲ ရွှင်ပွဲ လုပ်ခိုင်းတာက သူတို့ ပိုက်ဆံ ရတယ်လေ။ လောင်းကစားတွေလည်း သူတို့ပိုက်ဆံ အများကြီးရတယ်။ အဲ့ကြောင့် အခုအဲ့ဒါတွေလုပ်ဖို့ စီစဉ်နေတာÓ ဟု အဆိုပါ အင်းလေးဒေသခံက ပြောသည်။

ထို့အပြင် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ လှုပ်ရှားလျက်ရှိပြီး ငါးရှော့တိုက်သူကို ဖမ်းဖို့အတွက် စက်လှေခ ဆိုပြီး တစ်အိမ်လျှင် ကျပ်ငွေ ၂ ထောင်ကျပ် ကောက်ခံမှု ရှိနေကြောင်း၊ စစ်သင်တန်း စားရိတ်အတွက် တစ်အိမ်လျှင် တစ်လ ကျပ်ငွေ ၂,၅၀၀ ကောက်ခံနေကြောင်း အင်းလေးဒေသခံများထံက သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။