စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ် ကင်းစင်သွားပြီဖြစ်ပေမယ့် စစ်ဘေးရှောင်တစ်ချို့ နေရပ်မပြန်နိုင်သေးကြောင်း သိရပါတယ်။
အင်းတော်မြို့နယ်ကို တော်လှန်ရေးပူးပေါင်းတပ်က ၂၀၂၅ ခုနှစ်၊ ဧပြီလမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက် အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာ ၆ လ ကျော်ရှိလာပြီဖြစ်ပါတယ်။
သို့ပေမယ့် အင်းတော်– ဗန်းမောက်လမ်းမပေါ်ရှိ မော်တိတ်ဒေသထဲက ကျေးရွာပေါင်း ၁၂ ရွာခန့်က ရာနဲ့ချီတဲ့ပြည်သူတွေ ဒီနေ့ထိနေရပ်မပြန်နိုင်သေးကြောင်း မော်တိတ်ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။
“မပြန်ကြသေးဘူး လေယာဥ်ဗုံးလာကြဲမှာကြောက်လို့ တစ်ချို့လည်း အိမ်တွေ မီးလောင်ပြာကျသွားတော့ ပြန်စရာအိမ်မရှိဘူး၊ ထပ်ဆောက်လည်း ဗုံးထပ်ကြဲရင် ပြန်ပျက်စီးအုံးမှာဆိုတော့ မပြန်ဘဲနေနေကြတာ” လို့ သူက ပြောပါတယ်။
နေရပ်မပြန်နိုင်ကြသေးတဲ့ ဒီကျေးရွာတွေဟာ အင်းတော်မြို့သိမ်းတိုက်ပိုက်မစခင် ပြီးခဲ့တဲ့ ၂၀၂၃ ခုမှစ် မတ်လကစ စစ်ကောင်စီတပ်ရဲ့ နေအိမ်မီးရှို့မှု၊ ဗုံးကြဲခံရမှု အများဆုံးကြုံခဲ့တဲ့အပြင် ရွာလုံးကျွတ် မီးရှို့ခံရတာတွေကြောင့် ပြန်စရာအိမ်မရှိ တော့ကြောင်း သူက ဆက်ပြောပါတယ်။
ဒါ့အပြင် နေရပ်ပြန်လည်ထူထောင်ရေးလုပ်ချင်ပေမယ့်စစ်တပ်ရဲ့လေကြောင်းရန်ကို စိုးရိမ်နေရဆဲဖြစ်တဲ့အတွက် နေရပ်မပြန်နိုင်သေးကြောင်း နောက်ထပ် အင်းတော်နယ် ကွင်းငုံ့ကျေးရွာနေ အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။
“တိုက်ပွဲမရှိတော့ဘူးဆိုပေမယ့် လေယာဥ်ကအမြဲတမ်းလာတယ်။ မနေ့ကလည်း သုံးကြိမ်လာဝဲသွားတယ်။ ဗုံးတော့မကြဲသွားဘူး အမြဲတမ်းလာတယ် လေယာဥ်က အဲ့ကြောင့်ဘယ်သူမှမပြန်ရဲကြဘူးလေ။ပြီးတော့ ကျနော်တို့ရွာတွေက ဗန်းမော်နဲ့လည်းနီးတော့ စိုးရိမ်ရသေးတယ်” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လကစပြီး မော်တိတ်၊နန့်သာရွာထဲ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်တပ်စွဲလာချိန်မှစပြီး မော်တိတ်၊နန့်သာ၊ အင်ပင်၊အောင်းကုန်း၊တုံ့တော်စတဲ့ရွာတွေအပါ ရွာပေါင်း ၁၀ ရွာခန့်က ပြည်သူတွေဟာ တော၊တောင်ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ ဒီနေ့ထိဖြစ်ပါတယ်။
ဒီစစ်ဘေးရှောင်တွေ နေရပ်ပြန်လည်နေထိုင်နိုင်ရေးနဲ့ပတ်သက်ပြီး အင်းတော်မြို့ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) ကို KNG က အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
အထက်ဖော်ပြပါ ကျေးရွာတွေဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာလမတိုင်ခင်အထိ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်ဖွဲ့ (SNA) ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့နဲ့ အနီးစပ်ဆုံးမှာရှိနေတာကြောင့် ဗန်းမောက်ဘက်နေ စစ်ကြောင်းထိုးဝင်ရောက်လာမှာကိုလည်း စိုးရိမ်တဲ့အတွက် နေရပ်မပြန်ကြတာလို့ သိရပါတယ်။
လက်ရှိမှာတော့ ဗန်းမောက်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားပြီဖြစ်ပေမယ့် လေကြောင်းရန်စိုးရိမ်နေရသေးကြောင်း ဒေသခံတွေကဆိုပါတယ်။
အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက နန့်သာ၊ မော်လူး၊ နဘား၊ ဂျပန်လှိုင်ဂူနဲ့ အင်းတော်မြို့တွင်း စုစုပေါင်း (၅) နေရာမှာ တပ်စွဲခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအထိုင်တပ် ၅ ခုထဲက နန့်သာရွာအထိုင်တပ်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာသိမ်းပိုက်ခဲ့ပြီး နဘားလမ်းဆုံအထိုင်တပ်ကိုတော့ ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှာသိမ်းပိုက်ခဲ့တာပါ။
ဒါ့အပြင် မော်လူးမြို့ကိုလည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ရက်နေ့မှာ တိုက်ခိုက်ခဲ့ပြီး ရွှေဘို–မြစ်ကြီးနားလမ်းပိုင်းရှိ အင်းတော်မြို့အတွက် အရေးပါတဲ့ ဂျပန်လှိုင်ဂူအထိုင်တပ်စခန်းနဲ့ အင်းတော်မြို့ထဲက တပ်စခန်းကုန်းတို့ကိုတော့ ၂၀၂၅ ခုနှစ်ဧပြီလမှာ သိမ်းပိုက်ခဲ့ပြီးနောက် အင်းတော်မြို့နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်သွားတာ ဖြစ်ပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ် (KIA) မှ အထူးစစ်ကြောင်းတစ်ခုနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) စစ်ကြောင်း (၃) မှ တပ်ရင်း ၂ ရင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စစ်ဒေသ (၁) လက်အောက်ခံတပ်ရင်းများ၊ ပကဖ အဖွဲ့များ၊ ဒရုန်းနှင့် လက်နက်ကြီးအဖွဲ့များ အစရှိတဲ့တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၄၀ ကျော်ပါဝင်ကာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
ရွှေဘို–မြစ်ကြီးနားလမ်းပေါ်တွင်ရှိပြီး ကသာခရိုင်အတွင်းပါတဲ့ အင်းတော်မြို့ဟာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၂၀,၀၀၀ ကျော် နေထိုင်တယ်လို့ သိရပါတယ်။
KNG