အကူအညီရမှုနည်းပါး၍ ကျောက်ဖြူက စစ်ဘေးရှောင်များ ငတ်ပြတ်မှုနှင့် ရင်ဆိုင်လာရ

By MPM 23 စက်တင်ဘာ, 2025 👁

တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသော ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်များမှာ အကူအညီရရှိမှုနည်းပါးမှုတို့ကြောင့် ငတ်ပြတ်မှုဒဏ်ကိုပါ ရင်ဆိုင်လာနေကြရကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

စစ်ဘေးရှောင်များ၏ စားဝတ်နေရေးကို ဒေသတွင်းလူမှုအဖွဲ့အစည်းများက ရနိုင်သမျှ ကူညီပေးနေသော်လည်း အလှူရှင်နည်းပါးလာသဖြင့် အခက်အခဲများစွာ ရှိလာနေသည်ဟု စစ်ဘေးရှောင်အရေးကူညီပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။

“ ကျနော်တို့လည်း လုံးဝ အပင်ပန်းခံပြီး ကူညီနေပါတယ်။ ဒါပေမဲ့ အကူအညီရရှိမှုအပေါ်မှာ မူတည်တဲ့အခါကျတော့ အခုက လုံးဝ လိုက်မမီနိုင်တဲ့ အခြေအနေဖြစ်နေတယ်။ ဟိုရွာက စစ်ဘေးရှောင်ကို ထောက်ပံ့လို့ မပြီးသေးဘူး။ ဒီဘက်ရွာမှာ ငတ်နေပြီ အဲလို ပြသနာဖြစ်နေတာ” ဟု စစ်ဘေးရှောင်အရေးကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။

လက်တလောတွင် စစ်ဘေးရှောင်များ စားဝတ်နေရေးအတွက် နီးစပ်ရာကျေးရွာများနှင့် လူမှုအဖွဲ့အစည်းများက ဝိုင်းဝန်းဖြေရှင်းပေးနေပြီး စားသောက်ရေးအပြင် အမိုးအကာမလုံခြုံမှု၊ ခြင်ထောင်စသည့်တို့လည်း အရေးပေါ်အကူအညီ လိုအပ်နေကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်မှုနှင့်အတူ အလုပ်အကိုင်ရှားပါးသည်အထဲ ကူညီထောက်ပံ့မှုလည်း နည်းပါးသဖြင့် စစ်ဘေးရှောင်များမှာ ပို၍ ဒုက္ခရောက်နေကြရသည်။

စစ်ကောင်စီက အရပ်သားနေထိုင်ရာများကို တိုက်ခိုက်မှု၊ လမ်းပိတ်ဆို့မှု၊ ရိက္ခများ ဖြတ်တောက်မှုအပါအဝင် ဖုန်း/ အင်တာနက်လိုင်း ဖြတ်တောက်မှုတို့ကြောင့်လည်း လူသားချင်းစာနာမှုလုပ်ငန်းများ ထိခိုက်နေသည်။

“ လူတွေက ပေးကြ၊ လှူကြတယ်ဆိုတာကလည်း သူတို့မှာ အဆင်ပြေလွန်းလို့ မဟုတ်ဘူးဆိုတာကို နားလည်တယ်။ ကျမတို့လည်း ဒီပုံစံအတိုင်း ကောင်းကောင်းမစားရ၊ ကောင်းကောင်းမအိပ်ရတဲ့ ပုံစံမျိုး မနေချင်တော့ဘူး။ ဖြစ်နိုင်ရင် ဒီတိုက်ပွဲ အမြန်ပြီးစေချင်တယ်” ဟု ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၃၀ ထက်မနည်းက ဒေသခံသောင်းနှင့်ချီ ဘေးလွတ်ရာတိမ်းရှောင်နေကြရသည်။

DMG