သရက်ချောင်းမှာ နေအိမ် ၄၀ နီးပါးကို စစ်တပ်မီးရှို့ဖျက်ဆီး

By MPM 9 စက်တင်ဘာ, 2025 👁

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံတပ်များက နေအိမ် အလုံး ၄၀ နီးပါး မီရှို့ဖျက်ဆီးခဲ့တယ်လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီ DDMSC ထံကနေ သိရပါတယ်။

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းအတိုင်း စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုရဲ့ တပ်သားတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ မနက်ပိုင်းမှာ ရန်တောင်ကျေးရွာနဲ့ သင်ကျွန်းကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

ဒေသခံတွေရဲ့ပြောပြချက်အရ သရက်ချောင်းမြို့နယ်ထဲ စစ်ကြောင်းပတ်ထိုးနေတဲ့ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ တပ်ဟာ ရန်တောင်ကျေးရွာနဲ့ သင်ကျွန်းကျေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာပါ။

အဲဒီနောက်မှာတော့ စစ်အုပ်စုလက်အောက်ခံ တပ်ဟာ ရန်တောင်ကျေးရွာက နေအိမ်အလုံး ၃၀၊ သင်ကျွန်းကျေးရွာက နေအိမ် ၈ လုံး၊ စုစုပေါင်း နေအိမ် ၃၈ လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်အုပ်စုလက်အောက်ခံ တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်တွေဟာ နှစ်ထပ်တိုက်တွေနဲ့ အိမ်ကြီးအိမ်ကောင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံတပ်ဟာ ဩဂုတ်လအလယ်ပိုင်းကစပြီး သရက်ချောင်းမြို့နယ်ထဲက ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကလည်း သရက်ချောင်းမြို့နယ် မိုးရွှေကုန်းကျေးရွာနဲ့ စော်ဖျားကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုလက်အောက်ခံတပ်က နေအိမ် အလုံး ၇၀ နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်