ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နဲ့ KIA၊ TNLA တို့အကြား ဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်း အရပ်သားပြည်သူ ၆ ဦး သေဆုံး

By MPM 8 ဩဂုတ်, 2023 👁

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်-နမ့်ဖတ်ကာ-မူဆယ် စသည့် ပြည်တောင်စုကားလမ်းတလျှောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လွပ်ရေးတပ်မတော် KIA၊ တအာင်းတပ်မတော် TNLA တို့ အကြား ပြီးခဲ့တဲ့ဇူလိုင် တစ်လတာ တိုက်ပွဲအတွင်း အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတွေထံက သိရသည်။

ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကနေစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် တစ်ဆက်တည်းမှာဘဲ ဇူလိုင် ၂၃ ရက်နေ့မှ စပြီး စစ်တပ်နဲ့ TNLA တို့ ကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေတာလည်း ဖြစ်သည်။

တိုက်ပွဲအတွင်း နမ့်ဖတ်ကာ ခ.လ.ရ ၁၂၃ စစ်ကောင်စီတပ်မှ လက်နက်ကြီးနဲ့ ဆက်တိုက် ရမ်းသမ်းပစ်ခတ်တဲ့ အပြင် ၁၀၅ မိုင် စစ်တပ်နဲ့ နမ့်ခိုင်စစ်တပ်၊ ကွတ်ခိုင်စစ်တပ်စခန်း စတဲ့ တပ်နေရာ ၄ နေရာကနေ လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့တဲ့အပြင် စစ်တပ်က လေယာဉ်နဲ့ပါ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံများက ပြောသည်။

နမ့်ဖတ်ကာနှင့် အနီးတဝိုက်ရှိ ကျေးရွာဒေသခံပြည်သူတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုအောက်မှာ စိုးရိမ်စွာ နေထိုင်နေရပြီး ပြောင်းရွှေ့သူတချို့လည်းရှိနေတယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက အခုလိုပြောသည်။

“ဘယ်သူ့မှ အသံမထွက်ဘဲနဲ့ နမ့်ဖတ်ကာဒေသက ပြည်သူတွေက အချိန်ပြည့် ထိတ်လန့်ပြီးနေနေရတယ်။ တစ်ယောက်ပြီးတစ်ယောက်က သေနေတယ်။ ဘယ်လိုလုပ်ရမလဲအဖြေ မရှိဘူး။ အချိန်ပြည့် လက်နက်ကြီးပဲ ပစ်ခတ်နေလို့ ကြောက်လန့်ပြီးပဲ နေနေရတယ်။ ဘယ်သူ့ကို အားကိုးရမလဲလည်း မသိတဲ့အချိန် ဖြစ်တယ်။ ကျမတို့ ဒေသဘက်မှာဆို ဘာ CSO အဖွဲ့အစည်းမှ မရှိဘူးလေ” ဟု အဆိုပါ နမ့်ဖတ်ကာဒေသခံက ပြောသည်။

ယင်းအပြင် နမ့်ဖတ်ကာတွင် ဇူလိုင် ၁၀ ရက်နေ့က စစ်တပ်ရဲ့ ခလရ ၁၂၃ တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် နားဖိုင်ကျေးရွာက အမျိုးသမီး ၃ ဦး ထိခိုက်ခဲ့တဲ့အပြင် ဇူလိုင် ၁၈ ရက်နေ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ကြား ဖြစ်ပွားခဲ့တဲ့ ကောင်ရာတောင်ကုန်း တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် နမ့်ဖတ်ကာရွာက အသက် ၁၅ နှစ် အရွယ်ကလေး သေဆုံးပြီး အမျိုးသမီး ၂ ဦး အပါအဝင် စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ဇူလိုင် ၂၅ ရက်နေ့မှာတော့ နမ့်အွမ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး စစ်တပ်က လေယာဉ်နဲ့ပါ လာရောက်ဗုံးကြဲခဲ့ပါတယ်။ ဒီလိုဗုံးကြဲခဲ့တာကြောင့် ဆိုင်းခေါင်ရွာက ဒေသခံ အမျိုးသားတစ်ဦး နေရာမှာတင် အသက်သေဆုံးခဲ့ပြီး ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ထဲမှာ အသက် ၁၀ နှစ် အရွယ် ကလေးတစ်ဦးပါဝင်ပြီး ဆေးရုံမှာ အသက်သေဆုံးခဲ့သည်။

ယင်းနေ့မှာပဲ စစ်ကောင်စီတပ်က တီးမားကျေးရွာက ကချင်လူငယ် ၂ ဦး ကို မတရားဖမ်းဆီးသွားပြီး TNLA တပ်သားကို ပစ်သတ်နိုင်ကြောင်း ပုံသွင်းသတ်ဖြတ် မီးရှို့ခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပြီး လူငယ် ၂ ဦးရဲ့ ရုပ်အလောင်း မီးရှို့ပြီးကျန်ရှိတဲ့ အရိုးစုတွေကိုတော့ တစ်ပတ်အကြာ ဇူလိုင် ၃၁ ရက်နေ့မှာ မိသားစုဝင်တွေနဲ့ ဒေသခံတွေ တွေ့ရှိခဲ့ပြီး ဩဂုတ် ၃ ရက်နေ့မှာ ဆုတောင်း မြေမြုပ်သဂြိုလ်ခဲ့သည်။

အခုလို ပြည်သူတွေအကြောင်းမဲ့ သတ်ဖြတ်ခံရတာဟာ ကချင်တိုင်းရင်းသားမျိုးနွယ်စုများအတွက် သာမက မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေအတွက် ပိုမိုခံပြင်းစိတ် ထိခိုက်စေတဲ့ လုပ်ရပ်မျိုး ဖြစ်သလို စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုနဲ့ လူ့အခွင့်အရေးကို ပိုမိုပြင်းထန်စွာ ချိုးဖောက်လာနေကြောင်း ကချင် CSO အဖွဲ့အစည်းတွေ ပြောဆိုသည်။

“ကချင်လူငယ် ၂ ဦးကို ဖမ်းဆီးသွားပြီး နှိပ်စက်ပြီး သတ်ဖြတ်မီးရှို့လိုက်တယ်။ ဒီလိုမျိုး ဖြစ်စဉ်က ကျမတို့ တိုင်းရင်းသားမျိုးနွယ်စု အားလုံးအတွက်သာမက မြန်မာတနိုင်ငံလုံးက ပြည်သူတွေကို ပိုမိုစိတ်နာစေတယ်၊ ခံပြင်းစေတယ်။ ပြီးတော့ ဒီအကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်က အကြမ်းဖက်လွန်သွားတဲ့ဘက် ရောက်သွားပြီ။ လူစိတ်ဓာတ် မရှိတော့ဘူး။ သူတို့ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ လွတ်လွတ် လပ်လပ် လူ့အခွင့်အရေး လွန်ကျူးစွာ ချိုးဖောက်နေမှုက ပိုမိုဆိုးရွာလာတယ်။ သူတို့ကို ပြောမဲ့သူလည်း မရှိဘူး။ တရားဥပဒေအရ သူတို့ကိုအရေးယူမဲ့သူလည်း မရှိဘူး။ နိုင်ငံတကာကလည်း ဒါကိုသိနေရဲ့သားနဲ့ နှုတ်ပိတ်ပြီး နေပေးတယ်။ ဒီလိုဖြစ်စဉ်က ကျမတို့မြန်မာနိုင်ငံမှာ ပိုဆိုးရွားလာတာကို တွေ့ရတယ်” ဟု လူ့အခွင့်အရေး စောင့်ကြည့်နေတဲ့ Kachin Women Accociation Thailand KWAT) အဖွဲ့မှ ပြောခွင့်ရှိသူ ဒေါ်မွန်းနေလီက ပြောသည်။

အဆိုပါဖြစ်စဉ်သာမက ဇူလိုင် ၂၉ ရက်နေ့ ညပိုင်းတွင်လည်း နမ့်ဖတ်ကာ စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် အသက် ၆၀ နှစ် အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် သားအမိ ၂ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူသေဆုံး ထိခိုက်မှုရှိပြီး ဖမ်းဆီးသတ်ဖြတ် ခံနေရတဲ့ ဖြစ်စဉ်တွေရှိနေတဲ့အပြင် စစ်ကောင်စီတပ်မှ အမျိုးသမီးတွေအပေါ် အဓ္ဓမပြုကျင့်မှုနဲ့ အဓ္ဓမပြုကျင့်ရန် ကြိုးပမ်းမှု စသည့် ဖြစ်စဉ်မျိုးလည်း ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတချို့က ပြောဆိုသည်။

မူဆယ်ဒေသခံတစ်ဦးက “လူ့အခွင့်အရေးကျူး လွန်ခံရတဲ့သူတွေက အကြိမ်ကြိမ်ပဲ။ ကြည့်လေ လူငယ်၂ ဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်ပြီး မကြာဘူး။ အမျိုးသမီး ၂ ဦး မဒိန်းကျင့်ပြန်တယ်။ ဒီလိုဖြစ်စဉ်တွေက မငြိမ်းချမ်းသရွေ့ ကျနော်တို့ ပြည်သူတွေက ဆက်လက်ကြုံတွေ့ခံစားနေရမှာပဲ” ဟု ပြောသည်။

ရှမ်းမြောက်ဒေသသာမက မြန်မာနိုင်ငံ တချို့နေရာတော်တော်များများမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဆက်တိုက် ရှိနေတာကြောင့် နိုင်ငံတကာမှ အရေးယူပေးသင့်ကြောင့် Kachin Human Right Watch (KHRW) ကလည်း ထုတ်ပြန်ချက်ဖြင့် တောင်းဆိုထားသည်။

“အကြမ်းဖက်စစ်တပ်က ရှမ်းမြောက်ဘက်မှာ အခုလို ကျူးလွန်သလို တချို့နေရာတွေမှာလည်း ဆက်တိုက် ဖြစ်ပွားနေတယ်။ စစ်တပ်က အခုလို လူ့အခွင့်အရေး လွန်လွန်ကျူးကျူး စစ်ရာဇဝတ်ကျူးလွန်မှုကို နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် နိုင်ငံအတွင်း အဖွဲ့အစည်းတွေဖြစ်ဖြစ် ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်” ဟု KHRW ရဲ့ ပြောခွင့်ရှိသူ Jacob Kachin က ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ဒေသခံပြည်သူများ ထိခိုက်ရုံသာမက ဒေသခံကျေးရွာသားများ၏ နေအိမ် ၁၀ အိမ်ထက်ခန့်လည်း ပျက်စီးသွားပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောသည်။

ရှမ်းမြောက်ဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုက ပုံမှန်နီးပါး ရှိနေတဲ့အပြင် နမ့်ဖတ်ကာ စစ်တပ်ဂိတ်နဲ့ နမ့်ခိုင်စစ်တပ်ဂိတ်မှ လမ်းသွား လမ်းလာ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးမှုလည်း ပုံမှန်ရှိနေကြောင်း ဒေသခံတွေထံက သိရသည်။

ယင်းအပြင် နမ့်ဖတ်ကာ စစ်တပ်ဂိတ်နှင့် နမ့်ခိုင် စစ်ကောင်စီဂိတ်မှာ ဖမ်းဆီးခံလိုက်ရသူတိုင်းကို ဒေသခံများနဲ့ မိသားစုများမှ လိုက်လံစုံစမ်းနိုင်ခြင်း မရှိတော့သလို သတင်းအစနပါ ပျောက်ဆုံးတဲ့ ဖြစ်စဉ်မျိုးများ ရှိနေကြောင်း ဒေသခံများ ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က နမ့်ဖတ်ကာ စစ်တပ်ဂိတ်၌ ဖမ်းဆီးခံလိုက်ရသည့် ကွတ်ခိုင်က ကားမောင်းသမား ဦးဇော်အောင် ဆိုသူကိုလည်း ၃ လ ကျော် အထိ ကြာမြင့်လာပေမဲ့ ဒီကနေ့ထိ မိသားစုဝင်များက စုံစမ်းလို့မရသေးကြောင်း ပြောဆိုသည်။

ထိုအခြေအနေများကြောင့် ရှမ်းမြောက်ဒေသ၌ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု စစ်ရာဇဝတ်မှု ဆိုးရွားစွာ ကျူးလွန်နေမှုကို နိုင်ငံတကာမှ မြင်တွေ့ပြီး အရေးယူပေးနိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ကာကွယ် လုပ်ဆောင်ပေးကြရန် ဒေသခံပြည်သူများက လိုလားလျက် ရှိနေသည်။

KNG ပေးပို့သည်။