တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးခဲ့သည့် သြဂုတ် ၈ ရက်နေ့မှ ဩဂုတ် ၁၈ ရက်နေ့ အတွင်း နေအိမ် ၂၀၀ နီးပါး ဖျက်ဆီးခံရပြီး ယင်းတို့ထဲမှ နေအိမ် ၁၇ လုံးမှာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသခံများနှင့် ရေဖြူမြို့နယ် ပကဖအဖွဲ့က ပြောသည်။
တပ်အင်အား ၂၀၀ နီးပါး ပါသော စစ်ကောင်စီ စစ်ကြောင်းသည် ထားဝယ်ရေနက်ဆိပ်ကမ်းဘက်ကနေ ရေဖြူမြို့ နယ်ထဲရှိ ကျေးရွာများသို့ ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးခဲ့ချိန်အတွင်း ဧကနိ၊ ခမောက်ချောင်းနှင့် ဝဇွမ်းတော ကျေးရွာများရှိ နေအိမ် ၂၀၀ နီးပါးကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့သလို မီးရှို့ဖျက်ဆီးတာပါ လုပ်ဆောင်ခဲ့သည် ဟု ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာတွင် အဆိုးဆုံးအခြေအနေကြုံခဲ့ရသည့် ဧကနိကျေးရွာ တစ်ရွာတည်းမှာပဲင် နေအိမ် ၁၇၀ နီးပါး ဖျက်ဆီးခံခဲ့ရပြီး နေအိမ် ၁၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ်အတွင်း ဝဇွမ်းတောရွာက အမျိုးသမီး ၂ ဦး၊ ဧကနိရွာက ရဟန်း ၁ ပါးနှင့် အမျိုးသား ၁ ဦး၊ ရေဖြူမြို့ ရပ်တော်မူဘုရားလမ်းဆုံမှာ ဒေသခံ ၄ ဦး ၊ စုစုပေါင်း အရပ်သားပြည်သူ ၈ ဦး ပစ်ခတ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာများအသီးသီး ရရှိခဲ့သည်ဟု အဆိုပါပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာကြောင့် ဧကနိ၊ ဝဇွမ်းတော၊ ခမောက်ချောင်း၊ ရငဲ၊ ထိန်းကြီး ကျေးရွာများ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာ ကျော်က ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ဧကနိကျေးရွာဒေသခံများသည် လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးကြောင်း ယင်းဒေသခံများက ပြောသည်။
တနင်္သာရီတိုင်းထဲတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲများကြောင့် ဒေသခံ ၃၆၀၀၀ ကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း သုတေသနအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။