ရေခဲချောင်းရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

By MPM 14 ဩဂုတ်, 2023 👁

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာအနီးတွင် ရေခဲချောင်းရောင်းနေသည့် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

သြဂုတ်လ ၁၀ ရက်နေ့၊ နေ့လည် ၁၂ နာရီ ဝန်းကျင်ခန့်က ကွတ်ခိုင်-တာမိုးညဲ လမ်းမပေါ်ရှိ မော်ဟန်ကျေးရွာ အနီးတွင် ‘ဝါးဟားဟား’ ရေခဲချောင်းရောင်းသည် အမျိုးသားတစ်ဦး လမ်းဘေးတွင် သေဆုံးနေခြင်း ဖြစ်သည်ဟု အလောင်းသွားရောက် သယ်ယူပေးခဲ့သည့် ကွတ်ခိုင်မြို့ရှိ ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေး အသင်းဝင်တစ်ဦးက “ကျနော်တို့ တွေ့မြင်ရသလောက်ကတော့ သူက သေနတ်ဒဏ်ရာနဲ့ သေဆုံးထားတာ တွေ့ရပါတယ်။ သူကရေခဲချောင်း အဲဘက်မှာ သွားရောင်းတာ။ တစ်လနှစ်လလောက် ရှိပါပြီ။ ဘာကြောင့် အသတ်ခံရတာလဲတော့ ကျနော်တို့လည်း မသိရပါဘူး” ဟု ပြောသည်။

သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသည့် အမျိုးသားမှာ အသက် ၄၀ ကျော်ခန့် အရွယ်ရှိသူတစ်ဦးဖြစ်ပြီး ဒဏ်ရာများမှာ ရင်ဘတ်၊ လည်ပင်းနှင့် မျက်လုံးတို့တွင် တွေ့ရသည်ဟု သွားရောက်ကူညီပေးခဲ့သူများက ပြောသည်။

သေဆုံးသူမှာ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၈) ဘက်တွင် နေထိုင်သူဖြစ်ပြီး အလောင်းကိုမူ ဩဂုတ်လ ၁၀ ရက်နေ့က ဒေသအတွင်းရှိ လူမှုကူညီရေးအသင်းများက ကွတ်ခိုင်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

ကွတ်ခိုင်မြို့တွင် ယခုကဲ့သို့ သေနတ်ဒဏ်ရာဖြင့် သေဆုံးမှုများ၊ အသတ်ခံရသည်များ မကြာခဏ တွေ့မြင်နေရပြီး လက်နက်ကိုင် အဖွဲ့အစည်းကလည်း များပြားသည့်အတွက် ဒေသခံ ပြည်သူများအတွက် လုံခြုံမှု မရှိကြောင်း ကွတ်ခိုင်မြို့ခံများက ပြောသည်။

ကွတ်ခိုင်မြို့ခံ အမျိုးသမီးတစ်ဦးက “အဖွဲ့အစည်းတွေများတော့ ဘယ်သူဘယ်ဝါ သတ်လဲဆိုတာ မတွေ့ရတော့ ကိုယ်က အမြဲတမ်း သွားလာနေတဲ့လမ်းတောင် ဘယ်နေ့ဘယ်အချိန်မှာ ဘာရှိမလဲ ဘာဖြစ်လာမလဲဆိုတာ ကြို မသိတာကြောင့် ကိုယ့်အတွက်ကိုယ်တောင် လုံးဝကို လုံခြုံမှု မရှိဘူး” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးသည့်နောက် ဒေသတွင်း များပြားလာသည့် မူးယစ်ဆေးသုံးစွဲသူများ၊ လောင်းကစား သမားများကြောင့်လည်း ခိုးဆိုးလုယက်မှုများ ဖြစ်ပွားနေပြီး တရားခံများကိုလည်း ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိခဲ့သောကြောင့် ဒေသခံများအတွက် လုံခြုံရေးပိုင်း လုံးဝ စိတ်မချရဖြစ်နေသည်ဟု ပြောဆိုကြသည်။

ကွတ်ခိုင်မြို့နယ်တွင် စစ်အာဏာသိမ်းပြီးသည့်နောက် မူးယစ်ဆေးဝါး သုံးစွဲသူများကလည်း ထင်ထင်ပေါ်ပေါ် လူမြင်ကွင်းတွင် ရောင်းဝယ်သုံးစွဲနေကြသည့်အပြင် လောင်းကစားဝိုင်းများမှာလည်း ပေါ်တင်ဖွင့်လှစ်ထားသလို အဆိုပါ လောင်းကစားဝိုင်းများတွင် လူကြီး၊ လူငယ်များအပြင် အမျိုးသမီးများကိုပါ တွေ့မြင်လာနေရသည်ဟု ဒေသခံများက ပြောသည်။

တရားခံမပေါ်သည့် လူသတ်မှုများ၊ ခိုးဆိုးလုယက်မှုများသည် မူးယစ်ဆေးစွဲသူများ၊ လောင်းကစားသမားများ ဖြစ်နိုင်သည့်အပြင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ လက်ချက်လည်း ဖြစ်နိုင်သည်ဟု ကွတ်ခိုင်ဒေသခံတချို့က ပြောဆိုသည်။

အလားတူ သြဂုတ်လ ၃ ရက်နေ့က ရှမ်းမြောက်ဒေသ၊ မူဆယ်မြို့နယ်၊ မန်ဝိန်း(၂) လမ်းတွင် ဓားထိုးဒဏ်ရာနှင့် သေဆုံးနေသည့် ပိုင်ရှိမဲ့ အလောင်းတစ်လောင်း တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

NMG ပေးပို့သည်။