မွန်ပြည်နယ်က မြို့နယ်အများစုမှာ အာဏာသိမ်းအာဏာသိမ်းစစ်အုပ်စုက သူတို့ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ လုံခြုံရေးအင်အား ထပ်မံတိုးမြှင့်ပြီး ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒေသတွင်းမှာတော့ အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံတွေဖြစ်တဲ့ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေအပြင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်တွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ အင်အားအများအပြား အသုံးပြုလာတာပါ။
အင်အားတိုးမြှင့်ထားတဲ့ တပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအင်းအားပြ လှည့်လည်တာ၊ လူစည်ကားရာနေရာတွေနဲ့ မထင်မှတ်တဲ့နေရာတွေမှာ ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေအပြင် မြို့ဝင်၊ မြို့ထွက်တွေကအစ ပိုက်စိပ်တိုက် စစ်ဆေးနေတာဖြစ်ပါတယ်။
အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံတစ်ဦးက အာဏာသိမ်းစစ်အုပ်စုဟာ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ လုံခြုံရေး အင်အားရရှိဖို့အတွက် ဒေသတွင်းက ဆိုးသွမ်းသူတွေကိုခေါ်ယူပြီး ပြည်သူတွေကို နှိပ်ကွပ်တာ၊ ခြိမ်းခြောက်တာအပြင် နည်းမျိုးစုံနဲ့ ဒုက္ခပေးလာတယ်လို့ ပြောပါတယ်။
“ရွေးကောက်ပွဲအတွက် လုံခြုံရေးဆိုပြီးတော့ ပြည်သူ့စစ်တွေထဲ ခေါ်ထည့်နေတယ်။ ဘယ်လိုဖြစ်လည်းဆို ကျေးရွာ အော်ကြောလန်တွေပေါ့။ အဲဒီလူတွေက ပြည်သူ့စစ်ထဲကို တော်တော်များများ ရောက်ကုန်ပြီ။ ပြည်သူ့စစ်ထဲရောက်ပြီးတော့ ပြည်သူက ပြည်သူကို ပြန်ပြီးတော့ နှိပ်ကွပ်လာတယ်။ ခြိမ်းခြောက်လာတယ်။ လုပ်ချင်ရာတွေလုပ်လာတယ်။ အခုလမ်းသွားလမ်းလာပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးလာတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ အခုနောက်ပိုင်း အင်းအားအများအပြား အသုံးပြုပြီး ဧည့်စာရင်းစစ်ဆေးတာ၊ မသင်္ကာတဲ့လူငယ်တွေကို တွေ့ရှိပါက ဆဲဆိုရိုက်နှက်တာတွေအပြင် ထွက်ပြေးပါက နေအိမ်တွေအထိ လိုက်လံဖမ်းဆီးတာတွေကအစ ဆိုးဆိုးရွားရွား ပြုလုပ်လာတယ်လို့ သူက ဆက်ပြောပါတယ်။
ဒေသတွင်းမှာတော့ အာဏာသိမ်းစစ်အုပ်စုက လုံခြုံရေးအကြောင်းပြချက်နဲ့ အင်အားအများအပြား အသုံးပြုပြီး ထင်တိုင်းကြဲနေတာကြောင့် လူငယ်အများစု ညဘက်အပြင်သွားလာဖို့တောင် စိုးရိမ်နေရသလို လမ်းသွားရင်တောင် မလုံခြုံတော့ဘူးလို့ ဆိုကြပါတယ်။
မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်အုပ်စု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြို့နယ် ၁၀ ခုလုံးကို မဲဆန္ဒနယ်မြေအဖြစ် သတ်မှတ်ထားပြီး ရွေးကောက်ပွဲအပိုင်း (၁) အဖြစ် ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။
သံလွင်တိုင်းမ်