စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က ရွာတော်လေးကျေးရွာထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး စစ်ဘေးရှောင် အရပ်သားပြည်သူ ၄ ကို ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။
သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စစ်ကောင်စီစစ်ကြောင်းက ရွာတော်လေးကျေးရွာထဲသို့ ဝင်ရောက် ပစ်ခတ်ခဲ့သည့်အတွက် စစ်ဘေးရှောင်ပြည်သူ အမျိုးသား ၄ ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု စစ်ဘေးရှောင်အရေး ကူညီပေးသူများနှင့် ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက “သေတာက စစ်ရှောင်တွေ ဟုတ်ပါတယ်။ ရွာတော်လေးက လူတွေတော့ မဟုတ်ဘူးဗျ။ မြင်းမူဘက်က လူတွေပါ။ မြင်းမူကလူတွေ ရွာတော်လေးမှာ လာပြီး စစ်ဘေးရှောင်နေကြတာ။ အဲ့ဒီထဲက အခု ပစ်သတ်ခံလိုက်ရတာပါ။ ၄ ယောက်က သေသွားပြီ။ ဒဏ်ရာရတာလည်း ၂ ယောက်ရှိတယ်” ဟု ပြောသည်။
ထို့အပြင် အပြစ်မဲ့ပြည်သူတချို့ကိုလည်း စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားကြောင်းနှင့် ဖမ်းဆီးခံထားရသူများ၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီက ပစ်သတ်လို့ ကျည်ထိမှန်သေဆုံးခဲ့သူ ၄ ဦးမှာ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ အောင်သုခ ကျေးရွာသားများ ဖြစ်ပြီး ယခုလအစောကပိုင်းကစ၍ ၎င်းတို့၏ကျေးရွာထဲသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာတာကြောင့် မြင်းမူဘက်သို့ စစ်ရှောင်လာကြသူများဖြစ်သည်ဟု သေဆုံးသူတို့နှင့် နီးစပ်သူများက ပြောသည်။
စစ်ရှောင် ၄ ဦးကို ပစ်သတ်ခဲ့သည့် အဆိုပါစစ်ကောင်စီ စစ်ကြောင်းမှာ မြင်းမူမြို့ပေါ်မှ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ရွာတော်လေး ကျေးရွာကို ပစ်ခတ်ဝင်ရောက်ချိန်မှာ အနည်းဆုံး အင်အား ၁၀၀ ခန့်ပါသည်ဟု ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဩဂုတ်လ ၅ ရက်နေ့က ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသခံ အမျိုးသား ၁ ဦးကို ပစ်သတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ယင်းစစ်ကြောင်းမှာ ငါန်းဇွန်မြို့ကို စစ်ကြောင်းထိုး ဝင်လာရောက်လာသည်မှာ ၉ ရက်ခန့် ရှိနေပြီဖြစ်ပြီး ငါန်းဇွန်မြို့နယ်ထဲက ထန်းတပင်၊ ရေလည်သောင်၊ နဘဲပင်၊ သာကျင်း၊ ကံသာ စသည့် ကျေးရွာများထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့်အပြင် မြင်းမူမြို့နယ်၊ ရွာတော်လေးကျေးရွာကိုလည်း စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ဒေသခံများက ဆက်ပြောသည်။
ငါန်းဇွန်မြို့နယ်အတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်လာရောက်ချိန် ဒေသခံများက မြင်းမူဘက်သို့ စစ်ဘေး တိမ်းရှောင်ကြရပြီး မြင်းမူဘက်သို့ စစ်ကြောင်းထိုးလာချိန်တွင် ငါန်းဇွန်မြို့နယ်ထဲသို့ ပြန်လည် စစ်ဘေးရှောင်ကြရသည်ဟု ဒေသခံများက ပြောဆိုသည်။
ထိုသို့ အပြန်အလှန် မြို့နယ်နှစ်ခုထဲ စစ်ဘေးရှောင်နေကြရသော်လည်း ထွက်ပြေးတိမ်းရှောင်နေကြသည့် အရေအတွက်ကိုမူ မသိရသေးကြောင်း ၎င်းတို့က ဆိုသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းတွင် အင်အား ၂၀၀ နီးပါး ပါဝင်ပြီး စစ်ကြောင်းနှစ်ကြောင်းခွဲ၍ အနီးအနား ကျေးရွာများထဲ ဝင်ရောက်ကာ ပြည်သူများကို ဖမ်းဆီးခြင်း၊ ပစ်သတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးကြသည့်အပြင် ဒေသခံပြည်သူများပိုင် ပစ္စည်းများကို ယူဆောင်သွားတာ သီးနှံရိက္ခာများကို ဖျက်ဆီးတာတွေ လုပ်နေကြောင်း ဒေသခံများက ပြောပါသည်။
NMG ပေးပို့သည်။