မိုင်းနောင်နဲ့ မမုံကိုင်ကြားမှာ တိုက်ပွဲပြင်းထန်နေ

By MPM 4 စက်တင်ဘာ, 2025 👁

ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာနဲ့ မမုံကိုင်ကျေးရွာကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်၊ ရှမ်းနီပြည်သူ့စစ်တပ် ပူးပေါင်းတပ်ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။

KIA နဲ့ မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ မမုံကိုင်ကျေးရွာဘက်ကို စစ်ကောင်စီနဲ့ရှမ်းနီပြည်သူ့စစ်တပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် စက်တင်ဘာ ၁ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်နေတာလို့ မိုင်းနောင်ကျေးရွာနေအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

“မမုံကိုင်က ဒီ KIA ကထိန်းချုပ်ထားတာလေ ရှမ်းနီဘက်က မိုင်းနောင်ကနေတက်လာတာ အခုဖြစ်နေတာက မိုင်းနောင်နဲ့မမုံကိုင်ကြားရွှေတူးတဲ့နေရာမှာဖြစ်နေတာ ပြီးခဲ့တဲ့နှစ်ရက်၊သုံးရက်နေ့ကလည်းဖြစ်တယ် မနေ့ကလည်းဖြစ်တယ်ဒီနေ့ကောထပ်ဖြစ်နေတယ် မိုင်းနောင်ထဲတောင်ဝင်လို့မရဘူး” လို့ အသက် ၄၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားက ပြောပါတယ်။

လက်ရှိ KIA ပူးပေါင်းတပ်တွေက မမုံကိုင်ဘက်ခြမ်းမှာ နေရာယူထားပြီး စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်တွေက မိုင်းနောင်ကျေးရွာဘက်က နေရာယူထားတဲ့အတွက် အဲ့ဒီကျေးရွာနှစ်ရွာကြားက တောစပ်မှာ ထိတွေ့တိုက်ပွဲဖြစ်နေသလို လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် လက်ရှိမိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာနေပြည်သူတွေဟာ စက်တင်ဘာ ၁ ရက်နေ့ကစ ပြန်ပြီးထွက်ပြေးတိမ်းရှောင်သူတွေရှိနေတယ်လို့ နောက်ထပ် မိုင်းနောင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

“မမုံကိုင်လည်းထွက်ပြေးနေရတာပဲရွာထဲလူတောင်သိပ်မနေတော့ဘူး။ ကျနော်တို့မိုင်းနောင်ကတော့ SNA တွေနဲ့တိုးတာနဲ့ဖမ်းခံရတာ ဟိုနေ့က အိမ်ခနပြန်တာ လမ်းမှာတွေ့လို့ ဖမ်းခံလိုက်ရသေးတယ် လက်နောက်ပြန်ကြိုးတုတ်ပြီးကိုစစ်မေးတာ ရွာထဲဆိုတိတ်ဆိတ်နေတာ” လို့ သူက ဆက်ပြောပါတယ်။

မိုင်းနောင်၊ မမုံကိုင်ကျေးရွာအပါအဝင် အနီးဝန်းကျင်ကရွာပေါင်း ၅ ရွာက ပြည်သူတွေဟာ ဟိုပင်၊ မိုးညှင်းဘက်ကို တိမ်းရှောင်နေရကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အင်းတော်ကြီးဒေသကို ထိန်းချုပ်ဖို့အတွက် ဒီနှစ် မေလကတည်းကနေ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် လက်ရှိအချိန်အထိ အင်းတော်ကြီးနေရာအများပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

အင်းတော်ကြီးဒေသထဲက ဝှေလုံ၊ ချောင်းဝ၊ ညောင်ပင်ကျေးရွာတွေထဲက စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်မေလမှာ သိမ်းပိုက်လိုက်ပြီးနောက် ရှမ်းနီပြည်သူ့စစ်တွေဟာ မိုးညှင်းမြို့ကနေ ဝင်ရောက်လာပြီး ၂၀၂၄ ခုနှစ် ဇွန်လ တတိယပတ်ကတည်းကနေ အင်းတော်ကြီးဒေသထဲမှာ စတင်အခြေချလာတာဖြစ်ပါတယ်။

အင်းတော်ကြီးဒေသဟာ ကမ္ဘာကျော်ကျောက်စိမ်းများထွက်ရှိလာ ဖားကန့်ဒေသထဲကို ဝင်ရောက်နိုင်တဲ့ မိုးညှင်း–ဂွေခါ ကားလမ်းပိုင်းမှာတည်ရှိပြီး ဖားကန့်ဒေသအတွက် စစ်ရေးအရ အရေးပါတဲ့လမ်းပိုင်းမှာ တည်ရှိနေတာကြောင့် စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တွေဟာ အင်းတော်ကြီးဒေသကို ထိန်းချုပ်ဖို့ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

KNG