မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၃ ဦး သေဆုံးကြောင်း သိရသည်။
စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့က စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။
ယင်းတိုက်ပွဲဖြစ်စဉ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၃ ဦး သေဆုံးပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှု ရှိကြောင်းနှင့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က စစ်ကူများ ရောက်ရှိလာရာတွင် အင်အားမမျှသည့် အတွက် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြောသည်။
စစ်ကောင်စီဝါဒဖြန့် Telegram Channel တွင် ထိုတိုက်ပွဲအတွင်း KNU/KNLA/PDF ပူးပေါင်းအဖွဲ့ဝင် ၃ ဦး အသေပစ်ခတ် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် RPG (၁) လက်၊ M – 16 (၁) လက်၊ M – 22 (၁) လက် နှင့် ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
တိုက်ပွဲကြောင့် ရန်ကုန်-မော်လမြိုင် ဖြတ်သန်းသွားလာနေသည့်ကားများ ခေတ္တရပ်နားခဲ့ရသည့်အပြင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အလူးကျေးရွာနှင့် အနီးနားရှိ ကျေးရွာတို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းတလျှောက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားလေ့ ရှိသည်ဟု ဒေသခံနှင့် ခရီးသွားပြည်သူတို့ထံမှ သိရသည်။
IMNA ပေးပို့သည်။