အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် AA ၏ အချိန်တိုအတွင်းအောင်မြင်မှုကို ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ် (Kim Aris) က ချီးကျူးဂုဏ်ပြုပြောဆိုလိုက်သည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် အွန်လိုင်းမှတွေ့ဆုံပြောဆိုခဲ့သည်ဟု ကင်မ်အဲရစ်က ယနေ့ စက်တင်ဘာလ ၆ ရက်တွင် သူ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်ပြန်ထားသည်။
ကင်မ်အဲရစ်က “ကျွန်တော်ကလည်း ကိုထွန်းမြတ်နိုင်နဲ့ သူ့ရဲ့တပ်ဖွဲ့များရဲ့ အချိန်တိုတိုမှာ ရရှိခဲ့တဲ့ အောင်မြင်မှုများကို အင်မတန်ချီးကျူး ဂုဏ်ပြုမိကြောင်း ပြောခဲ့တယ်။ သူ့ဆီကနေ ရခိုင်ပြည်သူများကြုံတွေ့နေရတဲ့ ပဋိပက္ခတွေနဲ့ စစ်ဘေးရှောင်နေစဉ် ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ပိုမိုသိရှိနားလည်ခဲ့ရတယ်။ သူတို့ရဲ့ ကြံ့ကြံ့ခံ ဇွဲရှိသည်းခံမှုတွေဟာ မြန်မာနိုင်အနှံ့မှာ အတူတကွ လက်တွဲလုပ်ဆောင်မှု အင်မတန်လိုအပ်တယ်ဆိုတာ သတိပေးနေတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကိုစိုးရိမ်သည်ဟုပြောဆိုခဲ့ကြောင်းလည်း ကင်မ်အဲရစ်က ဆိုသည်။
“သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်။ မေမေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်” ဟုလည်း ပြောဆိုထားသည်။
ထို့အပြင် ယုံကြည်ရသည့် မိတ်ဆွေနှစ်ဦးအဖြစ်ဖြင့် မြန်မာဖက်ဒရယ် ဒီမိုကရေစီရရှိရေးကြိုးပမ်းမည်ဟုလည်း ကင်မ်အဲရစ်က ဆက်ပြောထားသည်။
“ကျွန်တော်တို့နှစ်ဦး ယုံကြည်ရတဲ့မိတ်ဆွေတွေအနေနဲ့ရှိဖို့၊ တစ်ဦးကိုတစ်ဦး ပံ့ပိုးကူညီဖို့၊ လူတိုင်း ဂုဏ်သိက္ခာနှင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံ ဖြစ်လာအောင် ဆက်လက်ကြိုးပမ်းသွားဖို့ သဘောတူခဲ့ကြပါတယ်” ဟု ပြောကြားခဲ့သည်။
AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ကလည်း သူ၏ လောလောလတ်လတ်ထွက်ရှိထားသော “သူပုန်ဖြူ” ကဗျာစာအုပ်ကို ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင်ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ၈၀ ပြည့်နေ့မွေးနေ့ဆုတောင်းပွဲတွင် ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းထံ လက်ဆောင်အဖြစ် ပေးပို့ခဲ့သည်။
ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းသည် အကြမ်းဖက်စစ်တပ်ထံ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရသည့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ရေး တိုက်ပွဲဝင်တောင်းဆိုနေသူတစ်ဦးဖြစ်သည်။
နိရဉ္ဇရာ