ပုလော၊ ပိတပ်ကျေးရွာတိုက်ပွဲ အရပ်သား ၁ ဦး အပါအဝင် ၃ ဦး သေဆုံး

By MPM 12 စက်တင်ဘာ, 2023 👁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာအနီးတွင် စက်တင်ဘာ ၁၁ ရက်နေ့ နံနက်စောပိုင်းက ဖြစ်ပွားခဲ့သည့် နှစ်ဖက်တပ် တိုက်ပွဲအတွင်း အရပ်သား ၁ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားကြောင်း ဒေသခံများနှင့် မြိတ်ခရိုင်တပ်ရင်း (၁) ထံမှ သိရသည်။

စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ပိတပ်ကျေးရွာဘက်ကို စစ်ကောင်စီ တပ်အင်အား ၁၀၀ နှင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်များနှင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း စနိုက်ပါနှင့် ပစ်ခတ်ခံရခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး ယင်းတိုက်ပွဲ သည် နေ့လယ်ပိုင်း အထိ ဆက်ဖြစ်ပွားခဲ့သည်ဟု မြိတ်ခရိုင်တပ်ရင်း (၁) တာဝန်ရှိသူက ပြောပါသည်။

နှစ်ဖက်တိုက်ပွဲတွင် အသက် ၂၅ နှစ် အရွယ် ဒေသခံအမျိုးသား ၁ ဦးလည်း ဦးခေါင်းကျည်ထိမှန် ဒဏ်ရာကြောင့် အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

တိုက်ပွဲကြောင့် ဒေသခံတချို့ ထွက်ပြေး တိမ်းရှောင်တာတွေ ရှိနေပေမယ့် ဒေသခံအများစုက နေအိမ်မှာပဲ ပုန်းခို နေထိုင်နေကြကြောင်း ဒေသခံတွေက ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့က ပုလောမြို့နယ်၊ လက္ကူးကျေးရွာထဲကို စစ်ကောင်စီရေတပ်ကနေ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

တနင်္သာရီတိုင်းထဲတွင် ပြီးခဲ့သည့် သြဂုတ်လအတွင်း နှစ်ဖက်တပ်အကြား တိုက်ပွဲများအပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၃၅၀၀၀ ကျော် စစ်ရှောင်ခဲ့ရကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ထုတ်ပြန်ထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။