အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်က ကျေးရွာများကို စစ်တွေမြို့ တပ်ရင်းများကနေ လက်နက်ကြီး၊ ဒရုန်းစသည်များဖြင့် ယခုရက်ပိုင်းအတွင်း နေ့စဉ် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ် အစပ်တွင်ရှိသည့် ကွန်းတောင်၊ အိုင်ဒင် စပါးထားနှင့် ဝါဘိုကျေးရွာတို့ကို စစ်ကောင်စီ၏ စစ်တွေအခြေစိုက်တပ်ရင်းများက တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “စစ်တွေမြို့နယ်နဲ့ အစပ်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီ ဒီရက်ပိုင်းမှာ နေ့တိုင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတာရှိတယ်။ ပါဒလိတ်တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ လှစ်ပစ်သလို ဒရုန်းတွေနဲ့လည်း နေ့တိုင်းတိုက်ခိုက်တာရှိတယ်။ စစ်ကောင်စီက ရန်လိုတဲ့အပြုအမှုတွေကို ဒီလအတွင်းမှာ ဆက်တိုက်ဆိုသလို ပြုမှုနေတာ” ဟုပြောသည်။
ထိုသို့ စစ်ကောင်စီက လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် ပုဏ္ဏားကွန်းမြို့နယ် ကျေးရွာ ၁၀ ထက်မနည်းက ထောင်နှင့်ချီသည့် ဒေသခံများသည် ဩဂုတ်လအတွင်းမှာ စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။
စစ်တွေမြို့နယ်နှင့် အစပ်ကျေးရွာမှာ စစ်ကောင်စီက လက်နက်ကြီးနှင့် ဒရုန်းဖြင့်ပစ်ခတ် အမြဲတမ်းပစ်ခတ်နေသည့်အတွက် လယ်ယာလုပ်ငန်းကိုပင် လုပ်ကိုင်နိုင်ကြခြင်းမရှိဟု ကွန်းတောင်ကျေးရွာက အမျိုးသားတစ်ဦးက ပြောသည်။
“စစ်ကောင်စီက ကျနော်တို့ရွာအပါဝင် အနီးပတ်ဝန်ကျင်းတွေကို နေ့တိုင်းတိုက်ခိုက်နေတာ။ အကုန်လုံး ရပ်ရွာ တွေပစ်ပြီးတော့ စစ်ဘေးရှောင် နေကြ ရတယ်။ လယ်ယာတွေကအစ မလုပ်နိုင်ဘူး။ အချို့သူတွေမှာဆိုရင် မွေးမြူထားတဲ့ ကြက်၊ ဝက်တွေကအစ ဈေးနှိမ့်ပြီးရောင်းချခဲ့ကြရတယ်” ဟု ကွန်းတောင် ကျေးရွာသားတစ်ဦးက ပြောသည်။
ယင်းအပြင် စစ်တွေမြိုနယ် နယ်စပ်ရှိ ရသေ့တောင်မြို့နယ် မူစဲကျွန်းရှ်ိ ကြက်ရိုးဆိပ်ကျေးရွာကိုလည်း ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့လည် ပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံကသိရသည်။
“လက်နက်ကြီးပစ်သံ ၁၀ ချက်ထက်မနည်းကြားရတယ်။ ကြက်ရိုးဆိပ်နဲ့ အနီးတဝိုက်မှာ ကျတယ်လို့တော့ ကြားရတယ်။ ဒေသံခံ ထိခိုက်မှု၊ နေအိမ်မီးလောင်မှုတွေလည်း ရှိနေတယ်လို့တော့ ကြားရတယ်။ အတိအကျတော့ မပြောနိုင်သေးဘူးဗျာ” ဟု ရသေ့တောင် ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူနှင့် အခြားအချက်အလက်များကို DMG က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
လက်ရှိတွင် ရသေ့တောင်မြို့နယ်၊ ပန်ဇင်းမော်၊ ညောင်ပင်ကြီး၊ ကပ်ချောင်း၊ ကံပြင်၊ မင်းကန်းချောင်း စသည့် ကျေးရွာများက ဒေသခံများမှာ စစ်ဘေးတိမ်းရှောင်းနေကြောင်း သိရသည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲအတွက် ရခိုင်ပြည်၏ မြို့တော်စစ်တွေမှာ အင်အားဖြည့်တင်းမှုများ ပြုလုပ်လာပြီး ရခိုင်ပြည်က မြို့နယ်အချို့ကိုလည်း စစ်ရေးအရ ဖိအားပေးလာခြင်းဖြစ်ပြီး ရွေးကောက်ပွဲအတွက် ရသလောက် တိုက်ခိုက်လာနိုင်ကြောင်း ပြောဆိုနေကြသည်။
ရခိုင်စစ်ရေးစောင့်ကြည်သူ လူငယ်အမျိုးသားတစ်ဦးက “ စစ်တွေနဲ့ ရသေ့တောင်၊ ပုဏ္ဏား ကျွန်းမြို့နယ်အစပ်ကို ပစ်ခတ်နေပြီးတော့ စစ်တွေက စစ်စခန်းတွေမှာလည်း စစ်အင်အားတွေ ဖြည့်တင်း မှုတွေကိုဆက်တိုက်လုပ်နေတာရှိတယ်လို့ သိထားရတယ်။ အဓိကတော့ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ရခိုင်က မြို့နယ်များကို စစ်ရေးအရ ရသလောက် ဖိအားပေးမှုတွေ ပြုလုပ်လာတာဖြစ်တယ်” ဟုပြောသည်။
စစ်ကောင်စီက ရခိုင်ပြည်မှာ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ် ၂၀၂၅ ဒီဇင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားပြီး တောင်ကုတ်၊ သံတွဲ၊ မာန်အောင်နှင့် ဂွမြို့နယ်တို့ကိုလည်း ရွေးကောက်ပွဲအမှီ ပြန်လည်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံကသိရသည်။
စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ ၂၀၂၄ ခုနှစ် မတ်လ ကတည်းက နှစ်ဖက်စစ်ဆိုင်ထားကြခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းက နှစ်ဖက်အပြင်အလှန်တိုက်ခိုက်မှုများရှိခဲ့ကြသော်လည်း လက်ရှိမှာ စစ်ကောင်စီကသာ တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။
DMG