ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ (၃၃) နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF တို့သည် မဟာမိတ်တပ်မှ “ညီနောင်တပ်ဖွဲ့” အဖြစ်သို့ ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
နည်းဗျူဟာ ၃၃ နှင့် MSRFတို့ မဟာမိတ်အဖြစ် စစ်ရေးဖော်ဆောင်ခဲ့သည့် (၂) နှစ် ကျော်ကာလအတွင်းတွင် ရဲဘော်ရဲဘက်များ၏ သွေးစည်းညီညွတ်မှု၊ အနစ်နာခံမှုနှင့် ယုံကြည်မှုများသည် ညီနောင်ပမာ ခိုင်မာခဲ့ခြင်းကြောင့် “ညီနောင်တပ်ဖွဲ့” အဖြစ် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
မိမိတို့တပ်ဖွဲ့နှစ်ဖွဲ့သည် ဒရုန်းစစ်ဆင်ရေးစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှစ၍ မဟာမိတ်တပ်အဖြစ် ပူးပေါင်းခဲ့ကြပြီး (၂) နှစ်ကျော်ကာလအတွင်း စစ်ရေးဖော်ဆောင်မှုပေါင်း (၄၀) ခန့်နှင့် စစ်ကောင်စီ၏ စခန်းသိမ်းတိုက်ပွဲလည်း (၆) ကြိမ်ထက်မနည်း အတူတကွ ဖော်ဆောင်နိုင်ခဲ့သည်ဟု ထုတ်ပြန်စာတွင် ဖော်ပြသည်။
“မဟာမိတ်အဖြစ် ပူးပေါင်းပြီးအလုပ်လုပ်ကြတဲ့အခါမှာ တိုက်ပွဲတွေဝင်ခဲ့ကြတယ်။ အောင်မြင်မှုတွေလည်း အများကြီးရခဲ့တာရှိတယ်။ အဲ့ဒီနောက်ပိုင်း ကျနော်တို့ ဒီထက်ပိုပြီးခိုင်မာအောင် မဟာမိတ်ဆိုတာထက်ကို ခိုင်မာတဲ့ညီနောင်ပမာပေါ့နော်၊ ဒီဘက်မှာရှိတဲ့ PDFနဲ့ မွန်တပ်နဲ့ ပေါင်းစည်းမယ်ဆိုပြီးတော့မှ နှစ်ဦးနှစ်ဖက်သဘောတူပြီး အခုလိုမျိုး လုပ်ဆောင်ရခြင်းဖြစ်ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ ၃၃ မှ စစ်ဆင်ရေးမှုး စောဒါးကိုက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ ၃၃ နှင့် မွန်ပြည် တော်လှန်ရေးတပ် MSRF တို့သည် “ညီနောင်တပ်ဖွဲ့” အဖြစ် ဖွဲ့စည်းလိုက်ပြီးနောက် အတူတကွလက်တွဲပူးပေါင်းကာ ယခင်ကဲ့သို့ စစ်ရေးများ ဆက်လက်ဖော်ဆောင်သွားမည်ဟု သိရသည်။
“ညီနောင်တပ်ဖွဲ့ဟာ မွန်၊ တနင်္သာရီတို့ရဲ့ နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဖို့အတွက် ပဏာမခြေလှမ်းဖြစ်ပြီးတော့ ကျမတို့ ညီနောင်တပ်ဖွဲ့အနေနဲ့ ရှေ့ဆက်ပြီးတော့ တိုက်ပွဲမှာ ကျစ်ကျစ်လစ်လစ်၊ ဖိဖိစီးစီးနဲ့ အတူတကွ တိုက်ပွဲဝင်သွားကြမှာဖြစ်ပါတယ်” ဟု MSRF မှ ပြောရေးဆိုခွင့်ရှိသူ မိတလညာဏ်က ဆိုသည်။
အနာဂတ်တော်လှန်းရေးခရီးတစ်လျှောက်တွင် တူညီသောရည်မှန်းချက်ဖြင့် စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်သွားမည့်အပြင် ရင်ဆိုင်ကြုံတွေ့လာမည့် အခက်အခဲများကိုလည်း အတူတကွကျော်ဖြတ်ကာ အချင်းချင်း အသက်ပေးကာကွယ်သွားကြမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မိမိတို့ညီနောင်တပ်ဖွဲ့သည် စစ်အာဏာရှင်နှင့် မည်သည့်အာဏာရှင်စနစ်ကိုမဆို အဆုံးတိုင် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းနိုင်သည်အထိ အတူအတွ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မွန်ပြည်တော်လှန်ရေးတပ် MSRF သည် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တပ်ဖွဲ့တစ်ခုဖြစ်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် ရှိသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ (၃၃) သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံဖြစ်ပြီး နည်းဗျူဟာ ၃၃ ၏ လက်အောက်တွင် ဒေါနတပ်ရင်း ၂၊ YGF၊ ဒေါနတပ်ရင်း ၃၊ KBDF၊ဒေါနတပ်ရင်း ၄ နှင့် အခြားဗျူဟာစစ်ဆင်ရေးလက်ရုံးတပ်များရှိကြောင်း တပ်ရင်းမှုးမှ ပြောပြချက်အရ သိရသည်။
လက်ရှိတွင်လည်း ရေဖြူမြို့နယ်၊ ကလိန်အောင်နှင့် မလွှဲတောင်ကြားရှိ အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းအတွင်း မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကော်မရှင်တို့ကြား နေ့စဉ်နီးပါးထိတွေ့တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။
လွတ်လပ်သော မွန်သတင်းအေဂျင်စီ