စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖြစ်ရန်အတွက် လက်ရှိ ကြားကာလအခြေအနေကနေ စတင်တည်ဆောက်ရမည်ဖြစ်ပြီး လုံခြုံရေးနှင့်အုပ်ချုပ်ရေး ကဏ္ဍများကိုလည်း ဖက်ဒရယ်ဖွဲ့စည်းပုံအသစ်နှင့်အညီ အစားထိုးသွားရမှာဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ပြောသည်။
ယခင်ကအလုပ်မဖြစ်ခဲ့သည့် လုပ်ဆောင်မှုများကို စဉ်စားမနေတော့ဘဲ ယခုလက်ရှိကြားကာလတွင် အုတ်မြစ်ခိုင်မာပြီး သန္ဓေမှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို စတင်တည်ဆောက်ရန် လိုသည်ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောသည်။
“သန္ဓေမှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီဖြစ်ဖို့က ယခုတော်လှန်ရေးကာလ သို့မဟုတ် ကြားကာလကတည်းက စတင် ကြရမှာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ နိုင်ငံတည်ဆောက်ခြင်းကို အပေါ်ကနေ Top down ချုပ်ကိုင် ချယ်လှယ်ပြီး ဆောင်ရွက်လာခဲ့တဲ့ အလုပ်မဖြစ်တဲ့ သာဓကတွေအောက်မှာ ကျနော်တို့အားလုံး ဖောက်ထွက်ပြီး တော့ ကျနော်တို့အားလုံး ဘဝနဲ့ရင်းပြီးတော့ အတွေ့အကြုံတွေ ရယူခဲ့ကြပြီ ဖြစ်တယ်ဆိုတာကိုလည်း ပြောကြားရင်း ဒီနေ့ကျနော်တို့ အောက်ခြေကနေပြီးတော့ အုပ်မြစ်ခိုင်ခိုင် တည်ဆောက်ဖို့ အရေးကြီးတယ် ဆိုတာလေးကို ပြောကြားလိုပါတယ်” ဟု ပဒိုစောတာဒိုမူးက ဆိုသည်။
သန္ဓေမှန်သည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို လက်ရှိကြားကာလတွင် စတင်တည်ဆောက်ရန် လိုအပ်သည့်အပြင် လုံခြုံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍကိုလည်း ကြားကာလကနေ ထွက်ပေါ်လာမည့် ဖက်ဒရယ် ဒီမိုကရေစီဖွဲ့စည်းပုံ အသစ်နှင့်အညီ အစားထိုးရန် အရေးကြီးသည်ဟု ပဒိုစောတာဒိုမူးက ဆက်ပြောသည်။
“ကျနော်တို့ တိုင်းရင်းသား တော်လှန်ရေးတပ်များနဲ့ PDF တပ်ဖွဲ့တွေကိုလည်း လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်း လဲမှု လုပ်ငန်းစဉ်တစ်ခုလုံးရဲ့အောက်မှာ ပြန်လည်စုစည်းပြီး ပေါ်ပေါက်လာတဲ့ ဖက်ဒရယ် ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အသစ်နဲ့အညီ လုံခြုံရေး စနစ်အသစ်ရဲ့အောက်မှာ ပြန်လည်တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖယ်ရှားရုံ သာမကပဲနဲ့ ဖက်ဒရယ် ဒီမိုကရေစီစံနှုန်းတွေနဲ့ညီတဲ့ ပိုမိုကောင်းမွန်နဲ့ ဥပဒေတွေ အုပ်ချုပ်ရေးယန္တရားတွေ တရားရေးစနစ်တွေနဲ့ အစားထိုးဖို့လည်း အရေးကြီးပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် လက်ရှိနွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့အစည်း အမြောက်အများရှိနေပြီး လုံခြုံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍအရ ထိုလက်နက်ကိုင် အဖွဲ့အစည်းများကို အသစ်ပေါ်ပေါက်လာမည့် ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံအသစ်နှင့်အညီ ပြန်လည်စုစည်းနိုင်ဖို့ လိုအပ်သည်ဟု ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA စစ်ဦးစီးမူး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက ပြောသည်။
“အရေးကြီးတာကတော့ တော်လှန်ရေး အဆုံးသတ်ကောင်းဖို့ လိုတယ်။ ပြန့်ကြဲနေတဲ့ ဒီတော်လှန်ရေးအလွန် ကာလမှာ ပြန်ကြဲနေတဲ့ လက်နက်တွေကို ထိန်းချုပ်ရလိမ့်မယ်။ နောက်ပြီးတော့ လက်နက်ကိုင်အဖွဲ့တွေ မှိုလို မပေါက်ဖို့က အရေးကြီးပြီးတော့ အကြမ်းဖက်မှု နောက်တစ်ကြော့ပြန် မဖြစ်စေရေးက အရေးကြီးပြီးတော့ တည်ငြိမ်တိုးတက်တဲ့ တိုင်းပြည်ကို တည်ဆောက်သွားရမှာ ဖြစ်တယ်။ နောက်ပြီးတော့ ပါဝင်ပတ်သက်သူတွေ အားလုံးသဘောတူညီချက် ရယူနိုင်ရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် ဒီနိုင်ငံရေး သဘောတူညီချက်ပေါ့နော်” ၎င်းက ပြောသည်။
အုပ်ချုပ်သူ အစိုးရအဆက်ဆက်က မဖြေရှင်းပေးနိုင်ခဲ့သည့် နိုင်ငံတည်ဆောက်မှု ပြဿနာမှာ လက်ရှိနွေဦး တော်လှန်ရေးအထိ ကူးစက်လာပြီး ထိုပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် စစ်တပ်သည် နိုင်ငံရေးမှ အပြီးအပိုင် နှုတ်ထွက်သွားဖို့ လိုအပ်သည်ဟု KNU က ပြောဆိုသည်။
NMG ပေးပို့သည်။